ရော်နယ်ဒိုနဲ့အတူ ဂျူဗင်တပ်စ်ကစားသမားတွေ (၄)လစာ လုပ်အားခမယူဖို့ဆုံးဖြတ်

ပေါ်တူဂီကြယ်ပွင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအကြပ်အတည်းဖြစ်နေတဲ့ ကာလအတွင်း တခြားဂျူဗင်တပ်စ်ကစားသမားတွေလိုပဲ (၄) လ လစာမဲ့၊ လုပ်အားခမယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (၄)လအတွက် ခရစ္စတီယာနိုရော်နယ်ဒိုရမယ့်လစာက ယူရို(၃.၈)သန်းရှိပါတယ်။ သူနဲ့အတူ ဂျူဗင်တပ်စ် ကစားသမားအားလုံးဟာ မတ်၊ ဧပြီ၊ မေနဲ့ ဇွန်လတို့အတွက် လစာလုံးဝမယူဘဲ အသင်းလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ အဲဒီ(၄)လအတွက် ကစားသမားလစာအသုံးစရိတ်ယူရိုသန်း(၉၀)လောက် သက်သာသွားမှာပါ။ အဲဒီအတောအတွင်း ရော်နယ်ဒိုဟာ မက်ဒီယားရားက ဆေးရုံအတွက် အသက်ရှူစက်(၅)လုံး ထပ်လှူခဲ့ပါသေးတယ်။ အဲဒီမတိုင်ခင် ရော်နယ်ဒိုဟာ အေးဂျင့်မန်ဒက်စ်နဲ့ပေါင်းပြီး ပေါ်တူဂီက ဆေးရုံ(၂)ခုမှာ ICU တိုးချဲ့ဆောင်(၃)ဆောင် လှူဒါန်းခဲ့ပါသေးတယ်။ ICUတိုးချဲ့ဆောင်တွေမှာ နှလုံးခုန်စက်၊ နှလုံးခုန်နှုန်း စောင့်ကြည့်စက်၊ အသက်ရှူစက်စတဲ့ အသက်ကယ်ပစ္စည်းအစုံအလင်တပ်ဆင်ထားတဲ့ ဆေးရုံကုတင် စုစုပေါင်း(၃၅)လုံး တပ်ဆင်ခဲ့ပါတယ်။ Skysports