အက်သလက်တီကို-ဘာစီလိုနာပွဲကို ဘာစီလိုနာပရိသတ်များ ကြည့်ခွင့်မရ

ဘာစီလိုနာအသင်းပရိသတ်များသည် ယခုတစ်ပတ် ကစားမည့် အက်သလက်တီကိုနှင့်အဝေးကွင်းပွဲကို ကြည့် ရှုခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

အက်သလက်တီကိုအသင်း တာဝန်ရှိသူများက ယင်းပွဲအတွက် အဝေးကွင်း လက်မှတ်များကို စီမံခန့်ခွဲရေး ပြဿနာအချို့ကြောင့် ဘာစီလိုနာနှင့် သဘောတူညီထားသည့် စောင်ရေအတိုင်း ခွဲဝေနိုင်မည် မဟုတ်ဟု ကြေညာခဲ့သည်။

သို့ဖြစ်ရာ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းထံမှ လက်မှတ်ခွဲတမ်းတောင်းဆိုထားခြင်းကို ရုပ်သိမ်းပြီး ယင်းပွဲအတွက် အဝေးကွင်းလက်မှတ်များကို ရောင်းချတော့မည်မဟုတ်ဟု ကြေညာခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် အောက်တိုဘာ(၁)ရက်က လက်စ်ပါးမားစ်အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲတွင်လည်း ကတ်တလန်အရေးအခင်းကြောင့် အိမ်ကွင်း၌ ပရိသတ်မပါဘဲ ကစားခဲ့ရသည်။

(The Voice)