ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ရရှိ

ဖီဖာက ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ရရှိခဲ့ပါတယ်။ ၃၂နှစ် အရွယ်ရှိတဲ့ မက်ဆီအတွက် FIFA Best Men Player အမည်နဲ့ ပထမဆုံးအကြိမ် ရတာဖြစ်ပြီး ဖီဖာဆုအနေနဲ့ စံချိန်တင် ၆ကြိမ်မြောက် ရခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာနဲ့ လာလီဂါ ဖလားရရှိခဲ့သလို တစ်ဦးချင်း ခြေစွမ်း အကောင်းဆုံး ပြသနိုင်ခဲ့ပြီး လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ဥရောပတိုက်အတွင်းမှာ ဂိုးအများဆုံး ရွှေဖိနပ်ဆုကို ရခဲ့သူဖြစ်ပါတယ်။ မနှစ် တစ်ရာသီအတွင်း နိုင်ငံနဲ့ ကလပ်အတွက် ပွဲပေါင်း ၅၈ပွဲမှာ ၅၄ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး ဂိုးသွင်းစံချိန်ကို ဆက်ထိန်း နိုင်ခဲ့တာပါ။

မက်ဆီဟာ ဒီအဆုအတွက် နောက်ဆုံးအဆင့် ဆန်ခါတင်စာရင်းမှာ ပြိုင်ဖက် ဗန်ဒိုက်နဲ့ ရော်နယ်လ်ဒိုတို့ကို ကျော်ပြီ ရမှတ် အများဆုံးရခဲ့တာပါ။ မက်ဆီဟာ ရမှတ် ၄၆မှတ်အထိ ရခဲ့ပြီး ဆုရမယ်လို့ ရေပန်းစားခဲ့တဲ့ ဗန်ဒိုက်က ၃၈မှတ်နဲ့ ဒုတိယ၊ ရော်နယ်လ်ဒိုက ၃၆မှတ်နဲ့ တတိယ ရခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး နည်းပြဆုကိုတော့ လီဗာပူးလ်နည်းပြ ယာဂမ်ကလော့ပ်က ရရှိခဲ့ပြီး အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ အမေရိကန်ရဲ့ မက်ဂန် ရာပီနိုက အသင်းဖော် အဲလက်စ်မော်ဂန်ကို ကျော်ပြီး ရခဲ့တာ ဖြစ်ပါတယ်။