ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် ပေါ်တူဂီအသင်းပြင်ဆင်

ရုရှားကမ္ဘာ့ဖလားပြိုင် ပွဲအတွက် ပြင်ဆင်နေသော ပေါ်တူဂီအသင်းတွင် လျှို့ဝှက်ချက်များမရှိဘဲ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က လွန်ခဲ့သည့် ၂ နှစ်က ယူရို ၂၀၁၆ ၌ အောင်ပွဲခံခဲ့သော အသင်းကို ဆက်လက် ထိန်းထားမည်ဖြစ်သည်။

ဆန်းတို့စ်သည် နောက်ဆုံး ၂၃ ဦးအသင်းလူစာရင်းကို အပြီးသတ် မရွေးချယ်သေးသော်လည်း ပြင်သစ်တွင်  ပေါ်တူဂီအတွက် ပထမဆုံးမေဂျာဖလား ရရှိခဲ့သော အသင်းမှ ကစားသမားအများစုကို ဆက်လက် ထားရှိမည်ဖြစ်သည်။

ပေါ်တူဂီသည် မတ်လ ၂၃ ရက်တွင် ဇူးရစ်မြို့၌ အီဂျစ်နှင့်ခြေစမ်းပွဲ ၊ ၂၆ ရက်တွင် နယ်သာလန်နှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်ကာ ယင်းပွဲစဉ်များတွင် ဆန်းတို့စ်က ကစားသမားများကို အကဲဖြတ်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့မှာ ကမ္ဘာ့ဖလား လူစာရင်း ၇၀ ရာခိုင်နှုန်းလောက် ရနေပါပြီ တချို့ ကစားသမားတွေ မရနိုင်ဘူး။ ဒါကြောင့် အရင်လူစာရင်းအဟောင်းကိုလည်း ကျွန်တော်တို့ စဉ်းစားတယ်။ နောက်ဆုံးလူစာရင်းရဖို့ အလွန်နီးစပ်နေပါပြီ’’ ဟု ဆန်းတို့စ်က ပြောသည်။

တိုက်စစ်တွင် ရီးရဲလ်မက်ဒရစ်၌ အကောင်းဆုံးပုံစံရနေသော ရော်နယ်ဒိုပါဝင်ရန် သေချာနေပြီး ၎င်းအနေဖြင့် လွန်ခဲ့သော ၂ နှစ်က တိုက်စစ်အတွဲ မဟုတ်ဘဲ ဂယ်လ်ဆင်မာကင်၊ ဂွန်ကာလို ဂူဒက်စ်တို့နှင့် တွဲဖက် ရဖွယ်ရှိသည်။ ယခင်က ပါဝင်ခဲ့သော ကွာရက်စ်မာ၊ နာနီနှင့် အီဒါတို့တွင် ကွာရက်စ်မာသာ ရုရှားသို့ လိုက်ပါဖွယ်ရှိသည်။

ကွင်းလယ်တွင် ဂွာရီဂို၊ ဝီလီယံကာဗယ်လ်ဟိုတို့ အဓိက ပါဝင်မည်ဟု မျှော်လင့်နေပြီး မာရီယို၊ အန်ဒရေ ဂိုမက်စ်၊ ဆေးလ်ဗား၊ မော်တင်ဟို၊ လူသစ်ဘ နာဒိုဆေးလ်ဗားတို့ နေရာလုရဖွယ်ရှိသည်။

နောက်တန်းတွင် ဆန်းတို့စ် က ဝါရင့်ပီပီနှင့် ဘရူနိုအဲလ်ဗက်စ် တို့ကို အထိုင်ချကာ ညာနောက်ခံ ဆိုအာရက်စ်နှင့် ဘယ်နောက်ခံလူ ကွန်ထရာအိုတို့ကို အသုံးပြုဖွယ်ရှိသည်။

ဂိုးသမားနေရာတွင် ယူရို ၂၀၁၆ ဂိုးသမား ရူအီပက်ထရီစီယိုက ဆက်လက်တာဝန်ယူမည်ဖြစ်သည်။ အန်သိုနီလိုပက်စ်နှင့် လူသစ်တန်းမှ ဆီကိုတို့က ၎င်းကို ဝန်းရံမည်ဖြစ်သည်။ 

-Ref; goal.com