မန်ယူမှာ ပေါ့ဘာပျော်ရွှင်နေတယ်လို့ နည်းပြဆိုးလ်ရှား ပြောကြား

ရီးရဲလ်နည်းပြဇီဒန်း လက်အောက်မှာ ကစားဖို့က ကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်တယ်လို့ ပေါ့ဘာ ပြောကြားခဲ့ ပေမယ့်လည်း ကွင်းလယ်လူပေါ့ဘာဟာ မန်ယူအသင်းမှာ ပျော်ရွှင်နေတယ်လို့ နည်းပြဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ပြင်သစ်လက်ရွှေးစင်အသင်းကနေ မန်ယူကို ပြန်ရောက်လာတဲ့ ပေါ့ဘာ နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းကလည်း သူဟာ ပေါ့ဘာရဲ့ပရိသတ်လို့ ပြောကြားခဲ့တာကြောင့် အပြောင်းအရွှေ့သတင်းက လှုပ်ခတ်လာခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ပေါ့ဘာ ကို ဘာစီလိုနာ က ခေါ်ယူဖို့ အပူတပြင်း ကြိုးစားခဲ့ပါတယ်။ ပေါ့ဘာကလည်း မန်ယူက ထွက်ခွာဖို့ ဆန္ဒရှိခဲ့သလို ကစားသမားရဲ့ အေးဂျင့်ဟာ ဘာစီလိုနာနဲ့(၅)နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အခုအခါမှာတော့ ပေါ့ဘာဟာ မန်ယူအသင်းမှာ အထိုင်ကျနေပြီး နည်းပြဆိုးရှားကလည်း ရီးရဲလ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားက “ဒီသတင်းတွေက ကျွန်တော့်ကို စိုးရိမ်မှု မဖြစ်စေခဲ့ပါဘူး။ ကျွန်တော်ဘာတွေလုပ်ရမလဲဆိုတာ စဉ်းစားထားပြီးသားပါ။ ဒါကြောင့် ပေါ့ဘာနဲ့ ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ကောင်းမွန်ပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့သူပါ။ ဘာပြဿနာမှ မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

-Ref:Skysports