ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဆုချီးမြင့်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ဂုဏ်ပြု

 

နေပြည်တော်၊ ဇူလိုင်၁၀

ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီရုံး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအလှူရှင် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးမြင့်လှိုင်မှ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဌ ဦးဝေလွင်မှ တက်ရောက်လာသော ကျောင်သား ကျောင်းသူများအား စာဖတ်နှုန်းမြင့်မားရေး ဗဟုသုတကြွယ်ဝရေး ပိုမိုကြိုးစား လုပ်ဆောင်ကြရန် တိုက်တွန်း ဆွေးနွေးခဲ့သည်။

၎င်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ ၃၁ ဦးအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင် များမှ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး သာမန်တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၁၄၁ ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်စုအလိုက် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ယင်းနောက် ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ၄ ဘာသာ ဂုဏ်ထူးရှင် မောင်မင်းခန့်ကျော်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအား ဇာတိမာန်သီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာကျော်ကျော်ဌေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးခင်ရီ၊ ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပါတီတာဝန်ရှိသူများ၊ ဂုဏ်ပြုဆု ချီးမြှင့်သည့် အလှူရှင် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးမြင့်လှိုင်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။