ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ အစွဲကင်းသော လွတ်လပ်သည့် ကျေးလက်စကားဝိုင်းသို့ တက်ရောက်အားပေး ဆွေးနွေး

 

ရန်ကုန် မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၉ နာရီခန့်က မင်းကွန်းကျေးရွာ တောင်သူဦးကြီး ဦးလှထွန်း၏ နေအိမ်တဲဝိုင်းအတွင်း၌ အစွဲကင်းသော လွတ်လပ်သည့် ကျေးလက်စကားဝိုင်းကို ကျင်းပခဲ့ သည်။

ထိုကျေးလက်စကားဝိုင်းတွင် ကျေးလက်နေ ပြည်သူများက ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ၊ တရားဥပဒေ စိုးမိုးမှုအခြေအနေများ၊ ယနေ့ ကြုံတွေ့နေရသည့် ရခိုင်အရေးကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉ (စ) နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လျှပ်စစ်မီးပြတ်တောက် နေမှုများအပေါ် အခြေခံသော ကွင်းဆက် ခံစားနေရသော အခြေအနေများ၊ တောင်သူလယ်သမားများနှင့် ပတ်သက်သည့် အရေးကိစ္စများ ဆိုင်ရာများ စသည့်အကြောင်း အရာပါ ကိစ္စများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ခံ ဦးခင်ရီ၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က မိမိတို့ တာဝန်ယူခဲ့စဉ်ကာလ ဆောင်ရွက်ခဲ့မှုများအပေါ် အခြေခံ ကာ ယနေ့ ဖြစ်ပေါ်နေသော ကိစ္စများအား ရင်းနှီးခင်မင် စိတ်ရှည်စွာ ရှင်းပြဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူ ကျေးလက်နေ တောင်သူများက သိလိုသည့် ကိစ္စများအား အပြန်အလှန် ဆွေးနွေးခဲ့ကာ နံနက် ၁၁ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ကျေးလက်စကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီများ၊ သန်လျင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်မင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ သန်လျင်မြို့နယ် မင်းကွန်းကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပုဂံတောင်ကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ရုံးသပြေကန်ကျေးရွာ စသည့် အနီးဝန်းကျင် ကျေးရွာများမှ ကျေးလက်နေ ပြည်သူ ၁၃ဝ ခန့် စုစုပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)