ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယကအဖွဲ့ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်/မိတ္ထီလာမြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယကအဖွဲ့ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ ညနေ(၃)နာရီ (၃ဝ)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည်။

ထိုတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း တက်ရောက်သည်။ ထိုသို့တွေ့ဆုံရာတွင် ပါတီဗဟိုနာယကအဖွဲ့ ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး က မိမိတို့ပါတီအနေဖြင့် ပါတီညီလာခံ ၂ဝ၁၆ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း၊ ပါတီအောက်ခြေအဆင့်မှ ဗဟိုအဆင့်ထိ ပြန်လည်ဖွဲ့စည်းခဲ့ ပါကြောင်း၊ ထိုသို့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာတွင် တာဝန်ပြန်လည်ပေးအပ်ခြင်းခံရသည့် လူဟောင်းများ ပြန်လည်ပါဝင်လာ သကဲ့သို့ တာဝန်ပေးအပ်ခံရသည့် လူသစ်များလည်း ပါဝင်လာကြောင်း၊ လူဟောင်း၊ လူသစ်အားလုံးသည် ပါတီအပေါ်သံယောဇဉ်ရှိသော၊ ယုံကြည်ကြသော ပါတီဝင်များဖြစ်ကြပါကြောင်း၊ ပါတီဆက်လက် ရှင်သန်ခိုင်မာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ပါတီက ချမှတ်ထားသော ရည်မှန်းချက်၊ မူဝါဒ၊ လမ်းစဉ်များဖြင့် ပြည်သူ့အကျိုး၊ နယ်မြေအကျိုး အတွက် လက်တွေ့ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး ကိုယ်တိုင်ဆန္ဒပြု ဝင်ရောက်လာ ကြသူများဖြစ်ကြောင်း၊ ပါတီဝင်များသည် မိမိတို့၏ ယုံကြည်ချက်၊ စွဲမြဲခိုင်မာအောင် ကြိုးပမ်း ကြရန် လိုသကဲ့သို့ မိမိတို့ ယုံကြည်သလို အခြားသူများကိုလည်း ယုံကြည်အောင် လုပ်ဆောင် သွားကြရန်လိုအပ်ကြောင်း စုပေါင်းတိုင်ပင်ဆွေးနွေး၊ စုပေါင်းလုပ်ဆောင် သွားရန်လိုကြောင်း၊ ပါတီ၏ ရည်မှန်းချက်များအောင်မြင်ရေးအတွက် စိတ်ဝမ်းမကွဲဘဲ စုစည်းညီညွတ်သော အင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဘဝကပင် နိုင်ငံရဲ့ အရေးအရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း၊ ပါတီစုံဒီမိုကရေစီ ကျင့်စဉ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် အသင်းအဖြစ် တည်ရှိစဉ်ကပင် ပြည်သူများနှင့် လက်တွဲပြီး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိပြောင်းလဲကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီကျင့်စဉ် ရှင်သန်ခိုင်မာရေးအတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်း၊ မိမိတို့ပါတီအား ပါတီဝင်များနှင့် စုစည်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပါတီဝင်များအားလုံး စွမ်းရည်ရှိကြ သူများဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦးမတူညီကြကြောင်း၊ စွမ်းရည်ချင်း မတူညီကြ သူများကို ယုံကြည်မှုဖြင့် စုစည်းထားကြောင်း မိမိတို့ယုံကြည်သကဲ့သို့ အခြားသူများကိုလည်း ယုံကြည်အောင် မိမိတို့လုပ်ဆောင်နေမှု များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင်လည်း လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကို တိုးတက် ခိုင်မာအောင် တည်ဆောက်ပြီး ပြည်သူလူထုအတွင်း စည်းရုံးမှုကိုလည်း တိုးတက်မှုရရှိစေရန် ပါတီဝင် တိုင်းက ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။


Leave a Reply