အာဆင်နယ်ပရိသတ်တွေကို ကွင်းလယ်လူ ရမ်ဆေး မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ တစ်ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ နှုတ်ဆက်ပွဲမှာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာ ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက် သွားခဲ့ပါတယ်။ ရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ့် ရမ်ဆေးနဲ့ ၀ဲလ်ဘတ်၊ ကစားသမားဘ၀ကနေ အနားယူတော့မယ့် ပီတာချက်တို့ကို နှုတ်ဆက်ပွဲနဲ့ အမှတ်တရလက်ဆောင်ပေးအပ်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရမ်ဆေးဟာ လန်ဒန်အခြေစိုက်အသင်းမှာ (၁၁)နှစ်ကြာ ကစားခဲ့ပြီးနောက် ဒီရာသီအကုန်မှာ စီးရီးအေချန်ပီယံ ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဖော်တွေရဲ့ လက်ခုပ်တီး ကြိုဆိုမှုနဲ့အတူ အမ်းမရိတ်စ်ကွင်းအတွင်း ၀င်ရောက်လာခဲ့ပြီးနောက် အမှတ်တရလက်ဆောင်ကို လက်ခံရယူ အပြီးမှာ ရမ်ဆေးဟာ မျက်ရည်တွေကျလာခဲ့တာဖြစ်ပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့နေ့ ဖြစ်သလို ဖြတ်သန်းခဲ့တဲ့ (၁၁)နှစ်ကြာ ကာလအတွင်း အမှတ်တရတွေ အများကြီး ရခဲ့ပါတယ်လို့ ရမ်ဆေးက နှုတ်ဆက်စကားထဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

-Ref:Skysports