ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မဲတောဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်အား ဖူးမြှော်ကြည်ညိုခဲ့ပြီး မဲတောကျေးရွာတွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

ဗန်းမောက်မြို့နယ်၊ ဖေဖော်ဝါရီ ၂၀

ယနေ့ မနက် ၉ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မံထုံအုပ်စု၊ မဲတောကျေးရွာ၊ ရွှေမျိုးဆက်သစ်ခန်းမတွင် ပြုလုပ်ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့ချီးမြှင့်ခဲ့သည်။

ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မဲတောဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကေလာသနှင့် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ပြီးနောက် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

၎င်းနောက် ရွှေမျိုးဆက်သစ်ခန်းမတွင် ပြုလုပ်ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးက အမှာစကားဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် ပန်းတောကျေးရွာနေ ဦးမောင်စိုးမှ ပါတီဝင်များကိုယ်စား ပါတီဝင်အဆိုပြုလွှာ ၁၀၁၅ စောင်အား ပေးအပ်ရာ ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲအောင်က လက်ခံရယူခဲ့ပြီး ပါတီသို့ဝင်ရောက်လာသူ မဲတောကျေးရွာနေ ဦးဆန်းအောင်မှ ပါတီသို့ဝင်ရောက်လာရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ပါတီဝင်သစ်များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကို ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်နှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဒေါက်တာအောင်မြတ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာနန္ဒာလှမြင့်၊ ဦးမင်းမင်းဇေယျာမြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၇၁၅ ဦးတက်ရောက်ခဲ့သည်။