ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ သံဃာ့နာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း

 

မိုးညှင်း၊ ဖေဖော်ဝါရီ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၃ နာရီ အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားကြီးအားသွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး အင်းတော်ကြီးဒေသ သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ညောင်ပင်ကျောင်းဆရာတော် ဘဒ္ဒန္တဂုဏဝရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆရာတော်အရှင်သူမြတ်များအား သာသနာရေးဆိုင်ရာများနှင့် ဝမ်းမြောက်စကား ပြန်လည်လျှောက်ထားခဲ့သည်။

၎င်းနောက် ကြွရောက်လာခဲ့ကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေဆက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။