ရန်အောင်မြင်ဆုတောင်းရစေတီ ထီးတင်ပွဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ နဝကမ္မအလှူတော်ငွေများ လှူဒါန်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ညောင်ပင်လျှိုအုပ်စု ညောင်ပင်လျှိုကျေးရွာ ရွာဦးထိပ်ရှိ ရန်အောင်မြင်ဆုတောင်းရစေတီတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ထီးတော်တင်လှူခြင်း၊ ဆွမ်းတော်ကြီးလောင်းလှူခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ညောင်ပင်လျှိုအုပ်စု ညောင်ပင်လျှိုကျေးရွာမှ စေတီတော်ရွှေထီးအလှူရှင်များ ဖြစ်ကြသော ဦးအောင်ဒင် – ဒေါ်မယ်တင်၊ ဦးချစ်တီး – ဒေါ်အေး၊ ဦးဝေဗိုလ် – ဒေါ်ကြူ ကြူ၊ ဦးနန်းတင် – ဒေါ်တင်ရွှေ တို့က စုပေါင်းတင်လှူကြပြီး ညောင်ပင်လျှိုအုပ်စုရှိ ဂေါစကံ္က ကျောင်း ၃၃ ကျောင်းမှ ပင့်သံဃာ ၁ဝ၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဆန်၊ ဘောဇဉ်၊ နဝကမ္မအလှူငွေများ လောင်းလှူကြပြီး အများစုပေါင်း လှူဒါန်းသော နဝကမ္မအလှူတော် ငွေများ မဲဖောက်လှူဒါန်းကြသည်။
အဆိုပါ ထီးတင်ပွဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးဌာနမှူး ဦးအေးဇော်မြင့်၊ လမ်း/တံတားဆောက်လုပ်ရေးဦးစီးမှူး ဒေါ်စန်းစန်းဝါတို့ သွားရောက်ဖူးမြော်ကုသိုလ်ယူကြပြီး နဝကမ္မအလှူတော်ငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးလှိုင် (ထီလာ)