ဖိလစ်ပိုင်မှာ သေဆုံးသူ ၅၉ ရှိခဲ့တဲ့ မန်ကွတ်မုန်တိုင်း ဟောင်ကောင်နဲ့ မကာအိုကို ဖြတ်ပြီး တရုတ်သို့ ၀င်ရောက်

ဟောင်ကောင်၊ စက်တင်ဘာ ၁၇

ဖိလစ်ပိုင်မြောက်ပိုင်းမှာ လူ ၅၉ ဦးကို သေဆုံးစေခဲ့တဲ့ မန်ကွတ်မုန်တိုင်းဟာ ဟောင်ကောင်နဲ့ မကာအိုတို့မှာ မွှေ့နှောက်ဖျက်ဆီးပြီးနောက် စက်တင်ဘာ ၁၆ ရက် နောက်ပိုင်းမှာ တရုတ်ပြည်မကြီးဆီ ၀င်ရောက်ပါတယ်။

ယခုနှစ်ရဲ့ ကမ္ဘာ့အကြီးဆုံး တိုင်ဖုန်းမုန်တိုင်း မန်ကွတ်ကြောင့် ဟောင်ကောင်မှာ သစ်ပင်တွေ ပြိုလဲတာ၊ မိုးမျှော်တိုက်တွေ ခါယမ်းတာတွေ ဖြစ်စေပြီး ဒဏ်ရာရသူ ၂၀၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။

ဟောင်ကောင်မှာ ၀င်ရောက်တိုက်ခိုက်ပြီးနောက်မှာ မန်ကွတ်မုန်တိုင်းဟာ တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်က ကျိအန်မင်ကမ်းခြေမြို့ဆီ ၀င်ရောက်တာ ဖြစ်ပါတယ်။

ပြည်နယ်အာဏာပိုင်တွေက လူပေါင်း ၂ ဒဿမ ၃၇ သန်းကို သူတို့က ဘေးလွတ်ရာရွှေ့ပြောင်းပေးထားကြောင်း ပြောပါတယ်။

တရုတ်မီဒီယာတွေမှာ မုန်တိုင်းဘုရင်လို့ ဖော်ပြရေးသားနေကြတဲ့ မန်ကွတ်မုန်တိုင်း မ၀င်ရောက်လာမီ ငါးဖမ်းစက်လှေ ထောင်ပေါင်းများစွာကိုလည်း ကမ်းကပ်ထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ကွမ်တုံမှာ ခု တိုင်ဖုန်းမုန်တိုင်းကြောင့် လူနှစ်ဦး သေဆုံးတယ်လို့ တရုတ်နိုင်ငံပိုင် CCTV က  ဖော်ပြပါတယ်။

မန်ကွတ်မုန်တိုင်းဟာ ဖိလစ်ပိုင် လူဇွန်ကျွန်းက နယ်မြေအများအပြားမှာ ရေကြီးရေလွှမ်းမှုတွေ၊ သစ်ပင်တွေ ပြိုလဲတာနဲ့ ဒါဇင်များစွာ မြေပြိုကျမှုတွေကို ဖြစ်ပေါ်စေပြီးနောက် ဟောင်ကောင်ဆီ ၀င်ရောက်ခဲ့တာပါ။

ဟောင်ကောင်မှာ ဒီမုန်တိုင်းနဲ့ ပတ်သက်ပြီး အမြင့်ဆုံး သတိပေးချက် ထုတ်ခဲ့ရပါတယ်။ ဟောင်ကောင်မြို့ကို မန်ကွတ်မုန်တိုင်းဟာ တစ်နာရီ  ၁၄၂ မိုင်နှုန်းနဲ့ တိုက်ခတ်သွားတာဖြစ်ပြီး လူပေါင်း ၂၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဟောင်ကောင်အစိုးရ စာရင်းအရ သိရပါတယ်။

-Ref; AFP