ဒမတ်စကက် လေဆိပ်ကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ဟု ဆီးရီးယား စွပ်စွဲ

ဒမတ်စကက်မြို့တော် လေဆိပ်ကို အစ္စရေးက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား အစိုးရက စွပ်စွဲ ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အစ္စရေးဖက်မှ ပစ်ခတ်သော ဒုံးကျည်များက ဒမတ်စကက် လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ပြီး မိမိတို့၏ လေကြောင်းကာကွယ်ရေး စနစ်များက ကြားဖြတ် ဟန့်တား ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယား စစ်ဘက်က ထုတ်ပြန်သည်။

“ဒမတ်စကက် နိုင်ငံတကာ လေဆိပ်ဖက်ကို အစ္စရေး ဒုံးကျည်တွေ ဝင်ရောက်လာတဲ့အတွက် လေကြောင်း ကာကွယ်ရေး စနစ်တွေက အသက်ဝင်လာပြီး ရန်သူ့ဒုံးကျည် တော်တော်များများကို ပစ်ချခဲ့တာ ဖြစ်ပါတယ်”ဟု စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆာနား သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်ကြောင့် ဒမတ်စကက်တွင် ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုများ ရှိမရှိ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အစ္စရေးလည်း ထုံးစံအတိုင်း ဆီးရီးယားကို တိုက်ခိုက်ခြင်း ရှိမရှိ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ အစ္စရေး၏ ပစ်မှတ်သည် လေဆိပ် အပြင်ဖက်ရှိ လက်နက်ရုံ တစ်ခု ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။ အစ္စရေး ဒုံးကျည်ကြောင့် အဆိုပါ လက်နက်ရုံ ပျက်စီးသွားသည် ဟုလည်း ယုံကြည်ရသည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် အစ္စရေး၏ ရန်သူတော် အီရန်က သမ္မတ ဘာရှာအယ်လ်အာဆတ်၏ အစိုးရဖက်မှ ကူညီ တိုက်ခိုက်ပေးလျက် ရှိသည်။ အစ္စရေးက ဆီးရီးယားတွင် အီရန်တပ်များ ခြေကုပ်ယူနေခြင်းကို မျက်စိ စပါးမွေး စူးနေသလို ယခင်ကလည်း အီရန်နှင့် ဆီးရီးယား စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။

Ref: National