မလေးရှားအထွေထွေရွေးကောက်ပွဲ နိုဝင်ဘာ ၁၉ ရက်နေ့ ကျင်းပမည်

မဲပေးခွင့်အရည်အချင်းပြည့်မီတဲ့ မလေးရှားနိုင်ငံသား ၂၁ သန်းလောက်ဟာ နိုင်ငံရဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုဝင်ဘာ ၁၉ ရက်မှာ မဲရုံတွေဆီ မဲသွားပေးရတော့မှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြောကြားပါတယ်။

ဒီရွေးကောက်ပွဲမှာ အကျင့်ပျက်ခြစားမှုနဲ့ နာမည်ဆိုးထွက်နေတဲ့ အာဏာရပါတီကလည်း သူတို့ အာဏာကို ဆက်ကိုင်စွဲထားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

မဲဆွယ်စည်းရုံးတာကို ၂ ပတ်ကြာ ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေဟာ နိုဝင်ဘာ ၅ ရက်မှာ သူတို့ရဲ့နာမည်စာရင်း တင်သွင်းရမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အက်ဗ်ဒူ ဂါနီ ဆာလကက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) ရဲ့ ဝန်ကြီးချုပ်အမတ်လောင်းအဖြစ် အမည်စာရင်း ထပ်ပြီး တင်သွင်းခံရတဲ့ ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်ဟာ အောက်တိုဘာ ၁၀ ရက်က လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဝန်ကြီးချုပ် အစ္စမေးလ်ဟာ လျှပ်တပြက် ရွေးကောက်ပွဲတွေပြုလုပ်ဖို့ တောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲက နှစ်ပေါင်းများစွာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကို အဆုံးသတ်မယ်လို့ ဆိုထားပါတယ်။

အတိုက်အခံတွေ ဝရုန်းသုန်းကား ဖြစ်နေတဲ့အတွက် လာမယ့်လ ရွေးကောက်ပွဲမှာ UMNO က အနည်းငယ် အားသာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မဲဆန္ဒရှင်တွေရဲ့ စိတ်မထက်သန်မှုတွေနဲ့ မုတ်သုံရာသီဥတုကြောင့် မဲလာပေးမယ့် အရေအတွက် နည်းပါးမယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။