ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ လစ်ထရက်စ် နုတ်ထွက်သွားသဖြင့် တစ်ပတ်အတွင်း ခေါင်းဆောင်သစ်ရွေးချယ်မည်

ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ လစ်ထရက်စ် နုတ်ထွက်သွားသဖြင့် တစ်ပတ်အတွင်း ခေါင်းဆောင်သစ် ရွေးချယ်မည်ဖြစ်သည်။ အာဏာရလာခဲ့ပြီးနောက် ပြဿနာများပြည့်နှက်နေသော သီတင်းပတ်ခြောက်ပတ်လောက် အကြာ အောက်တိုဘာ ၂၀ ရက်တွင် ဝန်ကြီးချုပ်လစ်ထရက်စ်က နုတ်ထွက်ကြောင်းကြေညာခဲ့ရာ ၎င်းသည် ဗြိတိန်သမိုင်းတွင် သက်တမ်းအတိုဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

မိမိ ရွေးကောက်ခံရသည့် ကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဟု ထရက်စ်က ဝန်ခံခဲ့ပြီး မိမိ၏ အခွန်လျှော့ချရေးဆိုသည့် လက်ယာစွန်း ရွေးကောက်ပွဲလမ်းစဉ် တစ်စစီဖြစ်ခဲ့ကာ ကွန်ဆာဗေးတစ်လွှတ်တော် အမတ်အများအပြားက ဖီဆန်ခဲ့ပြီးနောက် မလွှဲမရှောင်သာ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကွန်ဆာဗေးတစ်ပါတီက ခေါင်းဆောင်သစ်တစ်ဦးကို အောက်တိုဘာ ၂၈ ရက်တွင် အမြန်ဆုံးရွေးချယ်မည်ဟု ပြောကြားခဲ့သည်။ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာကို ဆက်ခံမည့်သူအားမရွေးချယ်မီ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်ဟု လစ်ထရက်စ်က ပြောကြားသည်။

“လာမယ့်သီတင်းပတ်အတွင်းမှာ ခေါင်းဆောင်မှုရွေးချယ်တာ ပြီးစီးဖို့ ကျွန်မတို့ သဘောတူခဲ့ကြပါတယ်”ဟု ၎င်းက ပြောကြားသည်။ သို့မှသာ မိမိတို့၏ ဘဏ္ဍာရေးစီမံကိန်းကို အကောင်အထည် ဖော်မည့်လမ်းကြောင်းပေါ်တွင် ဆက်လက် ရှိနေမည်ဖြစ်ကာ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှု၊ အမျိုးသားလုံခြုံရေးတို့ကို ဆက်လက်ထိန်းထား နိုင်စေမည်ဟု လစ်ထရက်စ်က ပြောကြားသည်။ လေဘာပါတီခေါင်းဆောင် ကီယာစတာမားကမူ အထွေထွေရွေးကောက်ပွဲကို ယခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။

 “ဒါဟာ ကွန်ဆာဗေးတစ်ပါတီရဲ့ထိပ်ပိုင်းက ရုပ်သံဇာတ်လမ်းတွဲရှည်ကြီးမဟုတ်တော့ပါဘူး”ဟု ၎င်းက ပြောကြားခဲ့ပြီး ဗြိတိန်စီးပွားရေး ကြီးကြီးမားမား ထိခိုက်မည်ဟု သတိပေးခဲ့သည်။

ယခင်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင် ကိုယ်တိုင်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် နွေရာသီတွင် လစ်ထရက်စ်က ရီရှီဆူနက်ကို အနိုင်ရခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သို့သော် သီတင်းပတ်ခြောက်ပတ် ကျော်အကြာတွင် ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။   Ref : AFP