ရုရှားနိုင်ငံခြားရေး ဝန်ကြီးကို အိမ်ဖြူတော်တွင် ထရမ့် လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် အပါအဝင် ရုရှားအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထရမ့်သည် ရုရှားနှင့် တရားမဝင် ဆက်သွယ်မှုများ ရှိခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေချိန်တွင် ထရမ့်က လက်ဗ်ရော့ဗ်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဆာဂျီ ကီဆဲလ်ယက်ခ်တို့ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကီဆဲလ်ယက်ခ်သည် ရုရှားအစိုးရနှင့် တရားမဝင်သော ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ မိုက်ကယ်ဖလင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဖြစ်ရပ်တွင် အဓိက အကျဆုံး ပါဝင်ပတ်သက်သူ တစ်ဦး ဖြစ်သည်။

အတိုက်အခံ ဒီမိုကရက်များက ရွေးကောက်ပွဲ ကာလတွင် ရုရှားဟက်ကာများက ထရမ့်အနိုင်ရအောင် နောက်ကွယ်မှ ဆိုက်ဘာ ရာဇဝတ်နည်းလမ်းများဖြင့် အကူအညီပေးခဲ့ကြောင်း စွပ်စွဲထားသော်လည်း လက်ဗ် ရော့ဗ်က ထိုအချက်ကို ငြင်းဆိုသွားခဲ့သည်။ ၎င်းက ထရမ့်နှင့် တွေ့ဆုံပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် “ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေဟာ အကောင်းဆုံး မဟုတ်တာကို လက်ခံရပါမယ်။ ဒါပေမဲ့ အမေရိကန် ရွေးကောက်ပွဲကို ရုရှားက ပါဝင်စွက်ဖက်တယ် ဆိုတာမျိုးကတော့ လုံးဝ အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုတွေပါပဲ”ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ထရမ့်နှင့် ရုရှားသံအမတ်တို့ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် လက်ဆွဲ နှုတ်ဆက်နေသည့် ဓာတ်ပုံတစ်ပုံကို Twitterပေါ် တင်ခဲ့သည်။ အိမ်ဖြူတော်က ကြေညာချက်တစ်စောင် ထုတ်ပြန်ရာတွင်မူ ကီဆဲလ်ယက်ခ်၏ အမည်ကို ထည့်သွင်းခြင်း မရှိဘဲ ထရမ့်နှင့် လက်ဗ်ရော့ဗ်တို့ တွေ့ဆုံမှု ကိုသာ အသားပေး ကြေညာခဲ့သလို သမ္မတက ယခုဆွေးနွေးမှုသည် အလွန်ကောင်းမွန် နွေးထွေးသည် ဟု ယူဆကြောင်း ဖော်ပြထားသည်။

ကီဆဲလ်ယက်ခ်သည် ရုရှား၏ ထိပ်တန်း သူလျှိုအရာရှိ တစ်ဦးအဖြစ်လည်း နာမည်ထွက်လျက် ရှိနေပြီး ရုရှား ဘက်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ထရမ့်နှင့် ရုရှားအရာရှိများ တွေ့ဆုံမှုသည် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးဌာန အကြီးအကဲ ဂျိမ်းစ်ကိုမေ ရာထူးမှ ရုတ်တရက် ဖယ်ရှားခံရပြီးချိန်နှင့် တိုက်ဆိုင်စွာ အထမြောက်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်၏ အစိုးရအဖွဲ့က ကိုမေကို ဖယ်ရှားခြင်းသည် ရွေးကောက်ပွဲဝင် သမ္မတလောင်း ဟီလာရီ ကလင်တန်၏ အီးမေးလ်ဆာဗာ အရှုပ်တော်ပုံတွင် အက်ဖ်ဘီအိုင်၏ ကိုင်တွယ်ပုံ ညံ့ဖျင်း၍ဟု ကြေညာခဲ့သည်။ သို့သော် အတိုက်အခံ ဒီမိုကရက်များကမူ အက်ဖ်ဘီအိုင်သည် ထရမ့်၏ အစိုးရအဖွဲ့ဝင်များနှင့် ရုရှားတို့ကြား တရားမဝင် ဆက်နွှယ်မှုများကို နောက်ကြောင်းပြန် စတင်စုံစမ်းနေသဖြင့် ယခုလို ဖယ်ထုတ်ခံရခြင်းဟု စွပ်စွဲထားသည်။         -Ref: CNN