ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ဦးခင်မောင်စိုး တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာတာဝန်ခံများ နှင့် တွေ့ဆုံ

ရန်ကုန်၊ သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာတာဝန်ခံများ နှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ကော်မတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ ခရိုင်ပါတီဥက္ကဋ္ဌများမှ ခရိုင်အလိုက် လက်ရှိ မြေပြင်အခြေအနေများကို တင်ပြကြသည်။ ထို့နောက် ခရိုင်အလိုက် မြို့နယ်ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြကြသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁၆ ခုနှစ်တွင် ပါတီညီလာခံကျင်းပ၍ ပါတီအလုပ်အမှု ဆောင် အဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် အသင်းဘဝကတည်းက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ အကြားအလပ်မရှိကြောင်း၊ ယနေ့ အချိန်အခါသည် ပါတီဝင်များသည် ပြည်သူထံအရောက်သွားဖို့ လိုအပ်ကြောင်း၊ ပြည်သူနှင့်ထိတွေ့ပြီး မိမိပါတီ၏ဆောင်ရွက်မှုများနှင့် ယနေ့ခေတ်နိုင်ငံ၏ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများကို ပြည်သူ များ သိရှိရန် ပြောကြားရန်လိုအပ်ကြောင်း ပါတီဝင်အင်အား တိုးတက်ရရှိစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီက ပါတီ၏ရေးရာအလိုက် လုပ်ငန်းစဉ်များကို စာရင်းဇယားအရထက် အနှစ်သာရရှိရှိ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ပြည်သူ၏အသံ၊ ပြည်သူ၏တုံ့ပြန်မှုများကို လက်တွေ့ကျကျသိရှိရန် ဆောင်ရွက်ကြဖို့လိုကြောင်း၊ ပြည်သူ့အသံကို နားထောင်ပြီး မိမိတို့ဘက်မှ ဖြည့်ဆည်းနိုင်သမျှ ဖြည့်ပေးသွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ပါတီစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)