ဥရောပတွင် စံချိန်တင် အဆင့်ထိ အပူချိန် မြင့်တက်လာဖွယ် ရှိနေ

ဥရောပတွင် စံချိန်တင် အပူချိန်ထိ မြင့်တက်လာသောကြောင့် ဒေသတွင်း နိုင်ငံအများအပြား၌ ရာသီဥတုဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားရသည်။

လာမည့် ရက်ပိုင်းအတွင်း စပိန်နှင့် ပေါ်တူဂီတို့တွင် စံချိန်တင် နေ့အပူချိန် ပမာဏထိ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။ ဥရောပတိုက်တွင် အမြင့်ဆုံး ရောက်ရှိခဲ့သည့် အပူချိန်မှာ ၁၉၇၇ ခုနှစ်က ဂရိနိုင်ငံ၊ အေသင်မြို့၏ ၄၈ ဒီဂရီ ဆဲလ်ဆီးရပ်စ် ပမာဏ ဖြစ်သည်။

လက်ရှိ အနေအထားအရ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့၏ အပူချိန် မြင့်တက်မှုမှာ လွန်လွန်ကဲကဲ အဆင့်မျိုးသို့ ရောက်နေသည်။ အထူးသဖြင့် အာဖရိကတိုက်ဖက်မှ တိုက်ခတ်လာသော လေပူများကြောင့်လည်း ရာသီဥတု ပူပြင်း ခြောက်သွေ့မှုကို ပိုမို တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။

ပေါ်တူဂီ နိုင်ငံ၏ အမြင့်ဆုံး အပူချိန်မှာ ၂၀၀၃ ခုနှစ်က မှတ်တမ်းဝင်ခဲ့သည့် ၄၇.၄ ဒီဂရီ ဆဲလ်ဆီးရပ်စ် ဖြစ်သည်။ စပိန်ကမူ ယမန်နှစ်၊ ဇူလိုင်လကမှ ၄၇.၃ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ အပူချိန် မြင့်တက်သည့် စံချိန် တင်ထားခဲ့သည်။

ဥရောပနှင့် သီးခြားတည်ရှိပြီး မြောက်ပိုင်းပိုကျသော ဗြိတိန်နိုင်ငံတွင်ပင် အပူချိန် ပိုများရာ အရှေ့တောင်ပိုင်း ဒေသများ၌ ၃၃ ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ 

အီတလီတွင်မူ နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသအများအပြား၌ အပူချိန် လွန်ကဲမှုအတွက် သတိပေးချက်များ ကြိုတင် ထုတ်ပြန်ထားရသည်။ သတိပေးချက် ထုတ်ပြန်ထားရာ ဇုန်နေရာများတွင် ကမ္ဘာလှည့် ခရီးသွားများ ထူထပ်များပြားသည့် ရောမ၊ ဖလောရင့်စ်နှင့် ဗင်းနစ်မြို့များ ပါဝင်နေသည်။

မိုးလေဝသ စောင့်ကြည့်ဌာန တစ်ခုဖြစ်သည့် Meteogroupက ယခုနှစ်တွင် ဥရောပ၏ အမြင့်ဆုံး အပူချိန်သည် ယခင်စံချိန်ဖြစ်သည့် ၄၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်နှင့် တန်းတူ ရောက်ရှိရန် ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ များပြားကြောင်း ခန့်မှန်းထားပြီး ယင်းထက် ပိုမြင့်သည့် အဆင့်ထိ ရောက်သွားရန် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ဖြစ်နိုင်ခြေ ရှိကြောင်း သတိပေးထားသည်။

Ref: EPA