ကျဆုံးစစ်သည်များ၏ ရုပ်ကြွင်းများ လွှဲပြောင်းပေးမှု ထရမ့်က ကင်ဂျုံအွန်ကို ကျေးဇူးတင်

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးမှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ကျေးဇူးတင်ကြောင်းနှင့် မကြာမီ၎င်းတို့ နှစ်ဦး ထပ်မံတွေ့ဆုံရန်လည်း မျှော်လင့်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ်
၂ ရက် တွင် ပြောသည်။

ကျဆုံးအမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများ ပြန်လည်လွှဲပြောင်းမှုသည် ထရမ့်နှင့် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်အရဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေး ကြိုးပမ်းမည် ဟု  ကင်ဂျုံအွန်က ကတိပြုထားသည်။

ကင်ဂျုံအွန်သည် ဒေါ်နယ်ထရမ့်ထံသို့ ဇူလိုင်လလယ်ပိုင်းတွင် စာတစ်စောင်ပေးပို့ခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား ဒုတိယအကြိမ် ဆွေးနွေးပွဲပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း အဆိုပါစာတွင် ရေးသားထားသည်။

သို့သော် ကင်ဂျုံအွန်နှင့် ထပ်မံဆွေးနွေးရန် မျှော်လင့်သည်ဟူသော ထရမ့်၏ ပြောဆိုချက်သည် ယင်းစာကို ရည်ညွှန်း၍ ပြောဆိုခြင်း ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးသည့် အမေရိကန်စစ်သည် အရေအတွက် ၇၇၀၀ကျော်ရှိပြီး ၎င်းင်းတို့အနက် ၅၃၀၀
ခန့်မှာ မြောက်ကိုရီးယားပိုင်နက်အတွင်း ကျဆုံးခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းစစ်ပွဲအတွင်း ကုလသမဂ္ဂ၏
ဦးဆောင်မှုဖြင့် ပါဝင်တိုက်ခိုက်ခဲ့သော နိုင်ငံများတွင် ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါနိုင်ငံတို့လည်း ပါဝင်ပြီး ၎င်းတို့၏ ကျဆုံးစစ်သည်အရေအတွက် မည်မျှရှိသည်ကို မသိရသေးကြောင်း သိရသည်။

Ref: Reuters