အီသီယိုးပီးယားနှင့် အီထရီးယား နိုင်ငံ ခေါင်းဆောင်များ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုး

ရန်လိုမှုများကို ဖယ်ရှားပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် အီသီယိုးပီးယားနှင့် အီထရီးယားနိုင်ငံ ခေါင်းဆောင်များကြား သဘောတူ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်က ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျက်ဒါးမြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေး စာချုပ်မှု အခမ်းအနားသို့ အီသီယိုးပီးယား ဝန်ကြီးချုပ် အေဘိုင် အာမက်နှင့် အီထရီးယား သမ္မတ အိုင်ဆိုင်စ် အက်ဖ်ဝါကီတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အာဖရိက နှစ်နိုင်ငံသည် ၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်ထိ သွေးချောင်းစီး စစ်ပွဲများ ဆင်နွှဲခဲ့ပြီး ရန်ဘက်များအသွင် ရပ်တည်ခဲ့ကြသည်။ ယခုစာချုပ်မှုသည် ဇူလိုင်လက နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် သင့်မြတ်ရန် ကနဦး သဘောတူညီမှုများ အပြီး၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆော်ဒီအစိုးရက အဆိုပါ နိုင်ငံနှစ်ခု၏ ပြန်လည် သင့်မြတ်ရေး ညှိနှိုင်းဆွေးနွေးမှုများကို အားတက်သရော ပါဝင် ကူညီပေးခဲ့သည်။ “အခု ငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကဏ္ဍကို ပိုမို အားကောင်းလာအောင် အများကြီး အထောက်အပံ့ ပေးနိုင်မှာပါ”ဟု ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ်ဂျူဘားက ပြောကြားခဲ့သည်။ 

နှစ်နိုင်ငံ ငြိမ်းချမ်းရေး စာချုပ်မှု အခမ်းအနားသို့ အထူးဧည့်သည်တော်များအဖြစ် ဆော်ဒီ ဘုရင် ဆယ်လ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Ref: Reuters