ကက်ရှ်မီးယားတွင် အရပ်သားများ အသတ်ခံရခြင်းကို ကာကွယ်ရန် လုပ်ငန်းဆိုင်ခန်းများ ပိတ်ခိုင်းထား

ကက်ရှ်မီးယား၊ ဇွန် ၂၆

အိန္ဒိယရဲ့ တည်ငြိမ်မှု ကင်းမဲ့ရာ ကက်ရှ်မီးယားတောင်ကြားမှာ လုံခြုံရေးတပ်ဖွဲ့တွေ အကြီးစား တပ်ချဖြန့်ကြက် လာမှုနဲ့အတူ လုပ်ငန်းဆိုင်ခန်း စတိုးဆိုင်တွေဟာ ဇွန် ၂၅ ရက်မှာ ပိတ်ထားကြပြီ ဖြစ်ပါတယ်။

ခွဲထွက်ရေးခေါင်းဆောင်တွေက မကြာသေးမီက အရပ်သားတွေ အသတ်ခံရတာမျိုး မဖြစ်အောင် တိုက်တွန်းပြီး  ဆိုင်ခန်းတွေ အားလုံး ပိတ်ကြဖို့ ဆော်သြထားချိန် ခုလို လုံခြုံရေးတပ်တွေကို   ဖြန့်ကြက်လာတာပဲ ဖြစ်ပါတယ်။

ဇွန် ၂၅ နဲ့ ၂၆ ရက်တွေမှာ လုပ်ငန်းဆိုင်ခန်းတွေကို ပိတ်ထားကြဖို့ ဆိုင်ရှင်၊ လုပ်ငန်းရှင်တွေကို ပူးတွဲတော်လှန်ရေး ခေါင်းဆောင်မှုအဖွဲ့ JRL က တိုက်တွန်းထားတာပဲ ဖြစ်ပါတယ်။

“အိန္ဒိယရဲ့ ကက်ရှ်မီးယားလူငယ်တွေကို လူမျိုးသုဉ်း သတ်ဖြတ်ဖို့ အစီအစဉ်ကို ဆန့်ကျင်ပြီး ဆိုင်တွေအားလုံး ဇွန် ၂၅ ရက်မှာ ပိတ်ထားရန် JRL က တိုက်တွန်းပါတယ်။”လို့ ဒီခွဲထွက်ရေးအုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အခု ခွဲထွက်ရေးအုပ်စုဟာ ဂျမ်မူးနဲ့ ကက်ရှ်မီးယားကို အိန္ဒိယက လွတ်လပ်ရေး ခွဲထွက်ဖို့ တော်လှန်နေတာလည်း ဖြစ်ပါတယ်။

မွတ်စလင် အိဒ်ပွဲတော်ရက်က စပြီး ဖြစ်ပွားခဲ့တဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက လူမဆန်စွာ သတ်ဖြတ်ခြင်းမှာ JRL အနေနဲ့ နှုတ်ဆိတ်ပြီး မနေနိုင်ကြောင်းလည်း ခု ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရပြီးချိန်ကစပြီး ကက်ရှ်မီးယားတောင်ကြားဒေသ ထိန်းချုပ်နိုင်ရေးမှာ ပါကစ္စတန်နဲ့ ၁၉၄၇၊ ၁၉၆၅ နဲ့ ၁၉၉၉ ခုနှစ်တွေမှာ စစ်သုံးကြိမ် ဖြစ်ပွားခဲ့ပါတယ်။

EFE-EPA