ကမ္ဘာ့အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို တရုတ်က ဦးဆောင်ရမည်ဟု ဆို

တရုတ်အစိုးရသည် ကမ္ဘာ့ရေးရာတွင် ပိုမိုလွှမ်းမိုးနိုင်ရန်ကြိုးပမ်းနေစဉ် ကမ္ဘာ့အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို တရုတ်နိုင်ငံက ဦးဆောင်ရမည်ဟု သမ္မတ ရှီကျင့်ဖျင်၏ ပြောဆိုချက်ကို ကိုးကား၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများကို ဆက်လက်ထိန်းသိမ်း၍ တစ်ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေးတွင် ဦးဆောင် ကဏ္ဍမှ ပါဝင်ရမည်ဟု ကွန်မြူနစ်ပါတီ၏ အဆင့်မြင့် အစည်းအဝေး၌ ရှီကျင့်ဖျင်က ပြောခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည်။

ယင်းကဲ့သို့ဦးဆောင်ခြင်းဖြင့် တရုတ်နိုင်ငံ ခေတ်မီပြီး အင်အားတောင့်တင်းသည့် ဆိုရှယ်လစ်နိုင်ငံကို တည် ထောင်နိုင်မည့် အခြေအနေများ ဖြစ်ပေါ်စေမည်ဟု ရှီကျင့်ဖျင်ကပြောသည်။ အဆိုပါအဆင့်မြင့် အစည်း အဝေးသို့ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ စစ်ဘက်မှအရာရှိကြီးများ၊ ပြန်ကြားရေး နှင့် အမေရိကန်ပြည်ထောင်စု ဆိုင်ရာ တရုတ်သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။

တရုတ်နိုင်ငံသည် စီးပွားရေးနှင့် သံတမန်ရေးတို့တွင် တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းကြီးများတွင် ပါဝင်နေသည့် ၎င်းတို့၏ အခန်း ကဏ္ဍကိုမြှင့်တင်လျက်ရှိသည်။ ရှီကျင့်ဖျင်သည် ၂ဝ၁၂ ခုနှစ်နှောင်းပိုင်းတွင် သမ္မတအဖြစ် တာဝန်ယူပြီးချိန်မှစ၍ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်ကဲ့သို့သော တရုတ်ပိုင်ဘဏ်ကြီးကို တည်ထောင် နိုင်ခဲ့သည့်အပြင် ပိုးလမ်းမသစ်တည်ဆောက်ရန်အတွက် ကမ္ဘာ့အထင်ကရ စီမံကိန်းကြီး တစ်ရပ်ဖြစ်သည့် လမ်းမတစ်ခု၊ ရပ်ဝန်းတစ်ခု စီမံကိန်းကိုပါ ချမှတ်ထားနိုင်ကြောင်း သိရသည်။

MWD