မြန်မာကို နိုင်ငံတကာဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်က မဟုတ်မမှန်ပြောကြားနေဟု မြန်မာ သံအမတ်ကြီး တုံ့ပြန်

မြန်မာနိုင်ငံကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချစေရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်မမှန်ပြောကြား၍ မြန်မာအစိုးရနှင့် ပြည်သူများကို ပုတ်ခတ် ဝေဖန်နေသည်ဟု မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်ရှင်းလင်းပွဲ၌ တုံ့ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် များ၏ ခရီးစဉ်နှင့် ပတ်သက်၍ တံခါးဖွင့်ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၁၄ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ပြုလုပ်ရာ မြန်မာသံအမတ်ကြီး က ယင်းသို့ ထည့်သွင်းပြောကြား သည်။

ဘင်္ဂလားဒေ့ရှ်သည် အခြေအနေအမှန်ကို ဖုံးကွယ်ကာ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရန် ဆန္ဒမရှိကြောင်းဖြင့် တစ်ကမ္ဘာလုံးသို့ ပြောကြားနေပြီး (ဒုက္ခသည်များ) ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရေး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်မှန်သည့် ပူးပေါင်းဆောင်ရွက်မှုများလိုအပ်ကြောင်း ဦးဟောက်ဒိုဆွမ်း က လုံခြုံရေး ကောင်စီသို့ ပြောကြားသည်။

မြန်မာနိုင်ငံက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းဖြင့် စိတ်ရင်းမှန်စွာ ဖြေရှင်းရန် ကြိုးပမ်းနေသော်လည်း ဘင်္ဂလား ဒေ့ရှ်ကမူ နှစ်နိုင်ငံ သဘောတူညီ ချက်များအတိုင်း လိုက်နာဆောင် ရွက်ရမည့်အစား ပြန်လည်လက် ခံရေး လုပ်ငန်းစဉ်ကို ဖင့်နှေးအောင် ဆင်ခြေဆင်လက်များ တစ်ခုပြီးတစ်ခု ပေးနေသည်မှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း သံအမတ်ကြီး၏ပြောကြားချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်ရှိ ကြုံတွေ့နေရသည့် လူသားချင်းစာနာမှု ပြဿနာ သည် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်လုံခြုံရေးစခန်း ၃၀ ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည် ကို မမေ့သင့်ကြောင်းနှင့် ဇာတ်နာအောင် ဖန်တီးမှုများကို တရစပ် ဖော်ပြမှုများအောက်တွင် အမှန်တရားသည် ဖုံးကွယ်ခံနေရကြောင်း ၎င်းကပြောသည်။ အလွန်ရှုပ်ထွေးသော နိုင်ငံရေးအရ ထိခိုက်လွယ်သည့် ရခိုင်ပြဿနာကို မျှတမှုရှိစွာ အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ အရပ်သား ပြည်သူများအပေါ် ရက်စက်ကြမ်း ကြုတ်မှုများ ကျူးလွန်ခဲ့ခြင်းအတွက် ARSA အဖွဲ့ကို အရေးယူရန် လိုအပ်ပြီး အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ARSA အကြမ်းဖက်သမားများ၏ ရက်စက်မှု များလည်း ပါဝင်ရမည်ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက တောင်းဆိုသည်။

ဘင်္ဂလားဒေ့ရှ်က ဒေသတွင်းရှိ အစွန်းရောက်များ ပေါ်ပေါက်လာစေရန် အမှတ်တမဲ့ ခွင့်ပြုနေခြင်းအပေါ် မြန်မာအစိုးရအနေဖြင့် လွန်စွာစိုးရိမ်ပူပန်ကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့က ဒုက္ခသည်စခန်းများ၌ ခြေကုပ်ယူ နေသဖြင့် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုတို့၏ အမာခံနယ်မြေတစ်ခု မကြာမီဖြစ်လာမည်ဖြစ်ကြောင်း မြန်မာသံ အမတ်ကြီးက သတိပေးသည်။

ထို့အပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်း သည် ရခိုင်ပြည်နယ်ရှိ ပြည်သူ များအားလုံးအတွက် ငြိမ်းချမ်းရေး၊ သဟဇာတရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုပြန်လည်ရရှိရေး ဆီလျော်သည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေး နိုင်ရန် အတူတကွကြိုးပမ်းရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်းသည်။ အမြစ်တွယ်နေသည့် ယုံကြည်မှု ကင်းမဲ့ခြင်းကို ကြီးမားစေမည့် အမုန်းပွားစေသည့် သဘောထားအမြင်များကို ရပ်တန့်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ယခုရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအပေါ် ရန်လိုမုန်းတီးမှု သဘောထားအချို့ကို ကြားခဲ့ရသည်မှာ စိတ်မကောင်းဖွယ် ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောသည်။ ထို့အတွက် ခွဲခြားဆက်ဆံမှု များနှင့် တစ်ဖက်သတ် ပံ့ပိုးကူညီ မှုများသည် ဒေသတွင်း အသိုက်အဝန်းများအကြား ပိုမိုကင်းကွာမှုနှင့် တင်းမာမှုများကိုသာ မြင့်တက်စေမည် ဖြစ်ကြောင်း ၎င်းက ကောင်စီသို့ ပြောကြားသည်။

မြန်မာအစိုးရသည် ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ချုပ်ဆိုရန် တက်ကြွစွာ ဆွေးနွေးနေကြောင်းနှင့် ယင်းအေဂျင်စီများအနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ အကျိုးအတွက် မြန်မာအစိုးရနှင့်အတူ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ထပ်လောင်းပြောကြား သည်။

ထို့အပြင် ဒေါက်တာကိုဖီအာနန်ကော်မရှင်၏အကြံပြုချက် ၈၈ ချက်နှင့် အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အကြံပြုချက် ၄၈ ချက်အနက် အကြံပြုချက် ၅၇ ချက်ကို မကြာမီ အကောင်အထည်ဖော်ပြီးစီးမည် ဖြစ်ပြီး ၃၁ ချက်ကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ရှင်းပြသည်။ ယင်းကော်မရှင်နှစ်ခု၏ အကြံပြုချက်အများစုသည် တစ်ထပ်တည်းဖြစ် ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်သည် မေလ ၈ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို နေပြည်တော်သို့ ဆင့်ခေါ်၍ မိုးရာသီမရောက်မီ စိစစ်ပြီးသူများအား ပြန်လည် လက်ခံရေးကို စတင်ရန် မြန်မာဘက်က အဆင်သင့်ဖြစ်နေသည်ကို သတိပေးပြောကြားကြောင်းနှင့် စိစစ်ပြီးသော နေရပ်စွန့်ခွာသူများကို ပြန်လည်ပို့ဆောင်ရေး ထပ်မံတိုက်တွန်းခဲ့ကြောင်း ဦးဟောက်ဒိုဆွမ်းက ကောင်စီသို့ ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသည့် ပုံစံများသည် နှစ်နိုင်ငံ သဘောတူထားသည့် အစီအမံပါ ပုံစံများမဟုတ်ဘဲ စိစစ်မှုများပြုလုပ်နိုင်ရန် လိုအပ်သည့် လက်မှတ်၊ လက်ဗွေရာများနှင့် ဓာတ်ပုံများ ပါဝင်လာခြင်းမရှိကြောင်းနှင့် နေရပ်စွန့်ခွာသူများ ဆန္ဒအ လျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး မှန်ကန်စွာ ဖြည့်စွက်ထားသည့် ပုံစံများကို သံတမန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ပေးရန် ဘင်္ဂလားဒေ့ရှ်သို့ သုံး ကြိမ်တိုင်တိုင် မေတ္တာရပ်ခံသည် ဟုဆိုသည်။ ယင်းနောက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကန့်သတ်ဧရိယာအတွင်း ကတုတ်ကျင်းများနှင့် နေအိမ်အချို့ ဆောက်လုပ်နေမှုများအတွက် မြန်မာအစိုးရက တစ်ဖက်နိုင်ငံသို့ ကန့်ကွက်စာပေးပို့ခဲ့သည်။

ထို့အပြင် မြန်မာဘက်ရှိ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းအတွင်း တရားမဝင်နေထိုင်သူများကို အဆောက်အအုံ များ ဆောက်လုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ် ဘက်မှ အကူအညီပေးနေသည် ကို တွေ့ရ၍ ယင်းသည် မြန်မာ နိုင်ငံ၏ ပိုင်နက်နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေ ကြောင်းနှင့် ယင်းလုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ကုလလုံခြုံရေးကောင်စီ၌ ပြောကြားသည်။

တစ်ချိန်တည်းတွင် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရချိန်တွင် မြန်မာနိုင်ငံကို ထောက်ခံအားပေးနေသော လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အိမ်နီးချင်းလေးနိုင်ငံကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။