အမေရိကန်သံရုံးအတွင်း ပေါက်ကွဲမှု အမှုမဲ့အမှတ်မဲ့ ဖြစ်ဟုဆို

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးအတွင်း ယမန်နေ့ (ဇူလိုင် ၂၄ ရက်) ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားသည်မှာ ပုံမှန်လုံခြုံရေး လေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ရာမှ အမှုမဲ့အမှတ်မဲ့ ဖြစ်ကာ ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းသံရုံးက The Voice ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။ 

ကနဦးသတင်းများအရ မျက်ရည်ယိုဗုံး ပေါက်ကွဲသည်ဆိုခြင်းနှင့်ပတ်သက်၍  အမေရိကန်ပြည်ထောင်စုသံရုံးသို့ အတည်ပြုသော်လည်း အတည်ပြုခြင်း မရှိပေ။ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပို့ခြင်း ရှိ၊ မရှိ၊ အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားထံ အသိပေး ကြောင်းကြားမှု ရှိ၊ မရှိကို မေးမြန်းမှုကိုလည်း ဖြေကြားခြင်း မရှိပေ။

ထိုသို့ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်းနှင့် အမေရိကန်သံရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ ပုံမှန်အတိုင်း ဆက်လက်လည်ပတ် ဆောင်ရွက် လျက်ရှိကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက်ပိုင်းတွင် အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားသည့် အမေရိကန်သံရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ (ဇူလိုင် ၂၄ ရက်) ည ၇ နာရီ ၄၀ မိနစ်ခန့်က အမေရိကန်သံရုံးအတွင်းမှ ဂက်စ်အငွေ့များ ထွက်ပေါ် လာသောကြောင့် လမ်းသွားလမ်းလာ ပြည်သူအချို့နှင့် ဖြတ်သန်းသွားလာသည့် ယာဉ်မောင်းများ မျက်စိစပ်ခြင်း၊ မျက်ရည်ယိုခြင်းများ ခံစားရသောကြောင့် ယာဉ်များဆက်မောင်းမရ၍ ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် ဖြစ်ခဲ့ကြောင်း ကမာရွတ်နယ်မြေ တာဝန်ကျ ရဲဝန်ထမ်းများက ပြောကြားသည်။

ထို့ကြောင့် သံရုံးအနီးအနား ပတ်ဝန်းကျင်ရှိ စီးပွားရေး လုပ်ငန်းများအတွက် စိတ်ကသိကအောက်ဖြစ်၍ အဆင်မပြေမှုများ ဖြစ်ပွားခဲ့ခြင်း၊ သံရုံးအနီးတစ်ဝိုက် ပတ်ဝန်းကျင်အတွင်း နေထိုင်ကြသူများနှင့် ထိုနေရာအတွင်း ရောက်ရှိခဲ့ကြသူများ အားလုံးကို တောင်းပန်ကြောင်း အဆိုပါသံရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက် ၈ နာရီတွင် သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းသို့ သတင်းစာရှင်းလင်းခြင်းမရှိကြောင်း တာဝန်ကျ သံရုံးလုံခြုံရေး ဝန်ထမ်းများက The Voice ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ထို့နောက် ည ၈ နာရီကျော်တွင် ပုံမှန်အတိုင်း ယာဉ်သွားလာလျက်ရှိပြီး အဆိုပါ နေရာသို့ အမှတ် (၉) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ တပ်ရင်းမှူး ဒုရဲမှူးကြီး မျိုးမင်းလတ်၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနှင့် ဦးစီးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး၍ လုံခြုံရေး ပြုလုပ်ပေးခဲ့ကြောင်း အဆိုပါ ရဲဝန်ထမ်းများထံမှ သိရှိရသည်။

The Voice


Leave a Reply