အမိနိုင်ငံသို့ပြန်မည့် ထိုင်းရောက်မြန်မာ လုပ်သားများကို နယ်စပ်တွင် ငွေးကြေးတောင်းခံပါက အရေးယူမည် ဟုဆို

သင်္ကြန်ကာလတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လာကြသော မြန်မာနိုင်ငံသားများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတား၏ ထိုင်းနိုင်ငံဂိတ်မှ ဗီဇာ ကြေးငွေ မကောက်သည့်အပြင် တံတားဖြတ်သန်းခ အခွန်ခများကိုပါ ပေးဆောင်စရာမလိုဘဲ အခမဲ့ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဌာနမှူးကြီးဖြစ်သည့် မစ္စတာ “”နက်ကထွန်း”” သည် မတ် ၂၇ ရက် နံနက် ၉ နာရီက မဲဆောက်၊ မြဝတီနယ်စပ်ဂိတ်
၌ ပြောကြား ခဲ့ကြောင်း သိရသည်။

ထိုင်းမီဒီယာများ၏ မေးမြန်းချက်များကိုဖြေကြားရာတွင် “ယခုလိုလာရောက်ရခြင်းမှာ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ ဧပြီ ၅ ရက်မှ ၃၀ ရက်ထိ နေရပ်ပြန်ရန် ခွင့်ပေးသွားမည်ဖြစ်သလို အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသည့် မည်သည့်အလုပ် သမားမဆို ဂိတ်အဝင်အထွက်များတွင် ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုကြောင်း၊ မည်သည့်လက်မှတ် မှလည်း လုပ်စရာမလိုကြောင်းနှင့် ထိုင်းနိုင်ငံမှ စစ်တပ်၊ ရဲ၊ လဝကဝန်ထမ်းများအနေဖြင့် လုံခြုံရေးအရ စစ်ဆေးမှုလောက်သာရှိမည်ဖြစ်ပြီး မည်သည့်လက်မှတ်ကိုမှ စစ်ဆေးမည်မဟုတ်ကြောင်း၊ မည်သည့် ငွေကြေးတစ်စုံတစ်ရာနှင့် အခွန်အခများကို တောင်းခံမည်လည်း မဟုတ်ကြောင်း၊ ယင်းအပြင် လိုအပ်သည့် အကူအညီများကိုပင် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် သတ်မှတ်ရက်များအတွင်း အခမဲ့သွားလာနိုင်ကြ မည်ဖြစ်ပါကြောင်း၊ ဒါကြောင့် နယ်စပ်ဖြစ်သည့် မဲဆောက်မြဝတီဂိတ်ဝသို့ လာရောက်ပြီး မဲဆောက်မြို့နယ် အတွင်းရှိ တာဝန်ရှိသူများအားလုံး သိရှိစေရန် ယခုလိုလာရောက် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

သတ်မှတ်ကာလဖြစ်သည့် ဧပြီ ၅ ရက်မှ ဧပြီ ၃၀ ရက်ကျော်လွန်ပါ က ယခင်သတ်မှတ်ထားသည့် စည်း ကမ်းများအတိုင်း ပြန်လည်သွားလာဝင်ထွက်ကြရမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလ နယ်စပ်ဖြတ်ကျော်ခြင်းနှင့်ပတ်သက်၍ ထိုင်းဘက်ခြမ်း မဲဆောက်မြဝတီ နယ်စပ်ဂိတ်ဝတွင် မြဝတီဘက်မှ လာရောက်ကြသော ပြည်သူများသိရှိနိုင်ရန် ထိုင်းတာဝန်ရှိသူများမှ အသံချဲ့စက်များ ဖြင့်
ကြေညာပေးလျက်ရှိကြောင်း သိရသည်။ #Democracytoday