ကျဆုံးစစ်သည်များအား ဂုဏ်ပြုသော သူရဲကောင်းဗိမာန် အဆောက်အအုံကို နေပြည်တော်တွင် ဖွင့်လှစ်

ကျဆုံးစစ်သည်များအတွက် ဂုဏ်ပြုတည်ဆောက်ခဲ့သည့် သူရဲကောင်းဗိမာန် အဆောက်အအုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်၌ မတ်လ ၂၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါဗိမာန်ကို (၇၂)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်။

သူရဲကောင်းဗိမာန် အဆောက်အအုံသည် ဇေယျသီရိမြို့နယ်အတွင်း သံတမန်လမ်းနှင့် စစ်ရေးပြကွင်းအနီး ၃၈ ဒသမ ၅ ဧကခန့်ရှိ တောင်ကုန်းပေါ်၌ ၂၀၁၆ မတ်လ ၂၉ ရက်က စတင်ပန္နက်ရိုက်၍ စကျင်ကျောက် များဖြင့် တည်ဆောက်ခဲ့သည်။

သူရဲကောင်းဗိမာန်ရှိ ကျောက်ပြားများပေါ်တွင် ဆုတံဆိပ်ရ ကျဆုံးအရာရှိစစ်သည်များ၏ အမည်နာမများကို ကမ္ပည်းတင် ရေးထိုးထားသည်။

ယင်းဗိမာန်၌ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့သည့် အောင်ဆန်း သူရိယဘွဲ့ရရှိသူ ငါးဦး၊ သီဟသူရဘွဲ့ရရှိသူ ၃၄ ဦး၊ သူရဘွဲ့ရရှိသူ ၂၇၁ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၁,၄၇၈ ဦး၊ စုစုပေါင်း ၁,၇၈၈ ဦး၏ အမည်စာရင်းများကို အဆိုပါ ကျောက်ပြားများပေါ်တွင် ရေးထိုးထားကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

# 7 Day Daily