မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံရန် အစိုးရက ကျပ်ငါးဘီလီယံခွင့်ပြုထား

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးအဆင့်မြှင့် ရန်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားပြီး နယ်စပ်ရေးရာဝန်ကြီးအပါအဝင် တာဝန်ရှိသူများသွားရောက် စစ်ဆေးနေ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

‘‘အတိုင်ပင်ခံရဲ့လမ်းညွှန်ချက်က ဘာလဲဆိုတော့ လက်ရှိခြံစည်းရိုးကို ပိုပြီးတော့ အဆင့်အတန်းမြင့်မားအောင် လုပ်ဖို့။ အဲဒီအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ကိုလည်း ချက်ချင်း ဖြည့်ဆည်းပေးဖို့ ဆိုပြီးတော့လည်း လမ်းညွှန် ထားတာရှိတယ်။ အခုကျွန်တော်တို့က သံဆူးကြိုးလေးနဲ့တင် လုပ်နေတယ်။ ပြီးရင် နည်းနည်းလည်း နိမ့်နေတယ်။ အဲဒီအမြင့်ရော၊ နောက်ထပ် ခိုင်မာမှုရောပေါ့။ အဲဒါလည်း ကျွန်တော်တို့ထပ်လုပ် ဖို့ရှိပါတယ်’’ဟု စက်တင်ဘာ ၁၃ ရက်က သမ္မတအိမ်တော်တွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ဦးဇော်ဌေးက ပြောကြားသည်။

နယ်စပ်ခြံစည်းရိုးကာရန် ကျန်ရှိနေသေးသည့် လက်ကျန် မိုင် ၄၀ မှ ၂၅ ရာခိုင်နှုန်းအတွက် ကျပ် ငါးဘီလီယံကို နိုင်ငံတော်က ဘတ်ဂျက် ချထားပေးပြီး ကာရံပြီးသော နေရာများမှ အပေါက်အပြဲ များကိုလည်း ဖာထေးမည်ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။  ‘‘အခုပေါက်တဲ့နေရာတွေ ရှိတယ်။ ပေါက်တယ်ဆိုတာက ပျက်နေ တာပေါ့။ အဲဒါတွေက မိုင် ၃၀ ကနေ ၄၇ ကြားပျက်နေ၊ ပေါက်နေတာတွေ ရှိပါတယ်။ အဲဒီကြားမှာ တော်တော်လေး အပေါက်တွေရှိတယ်လို့ပြောတယ်။ အဲဒီအပေါက်တွေကနေ ထွက်ပြေးနေတာတွေ ဖြစ်တယ်။

အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖာနေတာတွေ လုပ်ပြီ။ ပြီးရင် ကျန်တဲ့ မိုင် ၄၀ ကိုလည်း သူ့ရဲ့ ၂၅ ရာခိုင်နှုန်း ချထားပေးပြီးသား ဘတ်ဂျက်က။ အဲဒါကိုဆက်လုပ်နေတယ်။ နယ်နိမိတ်မှတ်တိုင်၁၄၆ တောင်ဘက် ရေထွက်ပေါက်များ အပါအဝင် ခြံစည်းရိုးကာရံခြင်းအတွက် အား လုံးပေါင်း ငါးဘီလီယံပေးထား ပြီးပြီ’’ဟု ဦးဇော်ဌေးက ဆိုသည်။ ဆက်လက်၍ ၎င်းက ‘‘နယ်စပ်ခြံစည်းရိုးကိစ္စ ခြံစည်းရိုးက အခုလုပ်နေပြီ။ ခြံစည်းရိုးကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၁၈။

အခု ဘတ်ဂျက်မှာလည်း ပေးထားပါတယ်။ ပေးထားတာတွေကို အခု လက်ရှိမှာလည်း ကကယာညွှန်မှူး ကိုယ်တိုင်သွားတယ်။ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီးရဲအောင်လည်း သွားနေတယ်။ ခြံစည်းရိုးတွေ ကြည့် ပါမယ်။ အဲဒီခြံစည်းရိုးတွေနဲ့ ပတ်သက်ပြီးတော့လည်း  အမြန်ဆုံးလုပ်ပါမယ်’’ဟုပြောသည်။  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် စက်တင်ဘာ ၁၂ ရက်က မောင်တောမြို့နယ် တောင်ပြိုမြို့အနီးရှိ မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ချစ်ကြည်ရေးတံတားသို့ သွား ရောက် စစ်ဆေးခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ပြီးခဲ့သည့် ၂၀၀၉ က စတင်ကာ တပ်မတော် အင်ဂျင်နီယာ တပ်ရင်းက တာဝန်ယူ တည်ဆောက်ခြင်းဖြစ်သည်။ ၂၀၁၅ တွင် မောင်တောမြို့နယ် မကျည်းချောင်း   ချောင်းဝမှ မြောက်ပိုင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံနယ်စပ်ထိ ကာရံပြီးစီးခဲ့သည်။ သို့သော် မကျည်းချောင်း ချောင်းဝမှ တောင်ဘက် ရသေ့တောင်မြို့နယ် အငူမော်အထိ နယ်စပ်ခြံစည်းရိုးကာရံရန် ကျန်ရှိနေသည်။ မကျည်းချောင်း ချောင်းဝမှ အငူမော်အထိ မိုင် ၄၀ ကျော် ကွာဝေးသည်။