မောင်တောဒေသ ပြန်လည်ထူထောင်ရေး အကူအညီများပေးရန် နော်ဝေးသံအမတ်ကြီးက ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့ကို တွေ့ဆုံ

မောင်တောဒေသ ပြန်လည်တည်ဆောက်ရေး လိုအပ်သည့် အကူအညီများပေးရန် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်ကြီးနှင့်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ လာရောက်ဆွေးနွေးသည်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်ကြီး Ms. Tone Tinnes ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၃ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဧည့်ခန်းမနှင့် ပြည်နယ်လွှတ် တော်ရုံးဥက္ကဋ္ဌ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်ကို ရှုတ်ချ၍ ကိုဖီအာနန် ကော်မရှင်၏ အစီရင်ခံစာကို အားပေးထောက်ခံသည်ဟု နော်ဝေးသံအမတ်ကြီးက ပြောကြား ကြောင်း ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထား သည်။ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင်လည်း နော်ဝေးနိုင်ငံ အနေဖြင့် အကြမ်းဖက်မှု လုပ်ရပ်များကို မထောက်ခံဘဲ ရှုတ်ချကြောင်း၊ လက်ရှိဒုက္ခ ရောက်နေသူများကို အကူအညီ ပေးလိုသော်လည်း သွားလာရေး အခက်အခဲအချို့ ရှိနေသည်ဟု ပြောကြားကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

‘‘အခုဖြစ်နေတဲ့ နှစ်ဖက်လူ တွေကို အကူအညီပေးချင်တယ်။ သို့သော် သွားဖို့အတွက် အခက် အခဲဖြစ်နေတယ် ဆိုတာတွေကို ပြောတယ်။ လွှတ်တော်အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲမေး တယ်။ ဒီအစီအစဉ်တွေက အစိုးရ အဖွဲ့နဲ့ဆိုင်တယ်။ အစိုးရအဖွဲ့က ဆောင်ရွက်မယ့် အစီအစဉ်တွေ ကို လွှတ်တော်ကို မချပြသေးတဲ့ အတွက် မသိရသေးဘူးလို့ ပြန် ဆွေးနွေးခဲ့တယ်’’ဟု ဦးစံကျော်လှ က ဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံသို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး HE. Mr. Peter Lysholt Hansen ဦးဆောင်သော အဖွဲ့လည်း လာရောက် တွေ့ဆုံကာ မောင်တောဒေသအ ရေး ဆွေးနွေးခဲ့ကြောင်း ဦးစံကျော်လှက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် က မောင်တောခရိုင်ရှိ ရဲစခန်း ၃၀ ကျော်ကို (ARSA) အကြမ်းဖက်သမားများက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရသည်။