တာချီလိတ်တွင် မီတာခတိုးကောက်မှု စစ်ဆေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အိမ်ခန်းပိုင်ရှင်တွေအနေနဲ့ ငှားရမ်းနေထိုင်သူတွေဆီကနေ လျှပ်စစ်ဓာတ်အားခ မူရင်းသတ်မှတ်နှုန်းထားထက် တိုးမြှင့်ကောက်ခံနေမှုတွေ ကြားသိရတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စိစစ်မှုတွေဆောင်ရွက်သွားမယ်လို့ မီးလင်းရေးကော်မတီကနေ သိရပါတယ်။

တာချီလိတ်မြို့နယ်ဟာ လျှပ်စစ်မီးကို ထိုင်းနိုင်ငံက ဝယ်ယူသုံးစွဲနေရတာြဖစ်ပြီး ဓာတ်အားခကျသင့်ငွေကို ဘတ်ငွေနဲ့ ပေးချေနေရတာဖြစ်ပါတယ်။ လက်ရှိမှာ ဓာတ်အားခတစ်ယူနစ်ကို ရိုးရိုးအိမ်သုံးမီတာအတွက် ၆ ဘတ်ခွဲ၊ လုပ်ငန်းသုံးပါဝါမီတာအတွက် ၇.၉ ဘတ် သတ်မှတ်ထားပေမယ့် တချို့အိမ်ပိုင်ရှင်၊ အခန်းပိုင်ရှင်တွေက ငှားရမ်းနေထိုင်သူတွေဆီကနေ သတ်မှတ် ဈေး ထက်ပိုကောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး  စုံစမ်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးတဲ့အခါ ပိုင်ရှင်တွေက ကိုယ့်သဘောနဲ့ကိုယ် တိုးကောက်တာမှန်ရင် လျှပ်စစ်ဓာတ်သုံးစွဲမှုကို အကန့်အသတ်နဲ့ ယာယီဖြတ်တောက်တာ၊ တပ်ဆင်ထားတဲ့ မီတာတွေကိုအပြီး ဖြုတ်သိမ်းတာ၊ မီတာထပ်မံ လျှောက်ထားရင်လည်း ဆိုင်းငံ့ထားတာတွေ လုပ်ဆောင်သွားမယ် လို့ သိရပါတယ်။