ထိုင်းကို မြန်မာလုပ်သားတစ်သောင်းကျော် စေလွှတ်ထား

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ နှစ်လအတွင်း MoU စနစ်နဲ့ မြန်မာအလုပ်သမား တစ်သောင်းကျော် စေလွှတ်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။

အခုနှစ် မေလ နဲ့ ဇွန်လ နှစ်လတာအတွင်း ထိုင်နိုင်ငံကို သွားရောက် လုပ်ကိုင် မယ့် အမျိုးသား (၆၀၀၀) ကျော် နဲ့ အမျိုးသမီး (၄၀၀၀) ကျော် စုစုပေါင်း တစ်သောင်းကျော်ကို စေလွှတ် ထားတယ်လို့ ထုတ်ပြန်ချက် အရသိရပါတယ်။

ထိုင်းနိုင်ငံကို မြဝတီ-မဲဆောက်လမ်းကြောင်း၊ ကော့သောင်း-ရနောင်း လမ်းကြောင်းတွေကတစ်ဆင့် MoU စနစ်နဲ့ မြန်မာလုပ်သားတွေကို ပို့ဆောင်ပေး နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကိုတော့ နယ်စပ်စခန်းတွေမှာ မြန်မာ အလုပ်သမား သံအရာရှိရုံးနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေက ကြိုဆိုလက်ခံပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကို ရောက်ရှိတဲ့အထိ စီစဉ်ချိတ်ဆက်ပေးခဲ့ တယ်လို့လည်းသိရပါတယ်။

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ မြန်မာအလုပ် သမားစေလွှတ်တာကို ကိုဗစ်ကာလ အတွင်း ယာယီရပ်နားထားရာကနေ နှစ်နိုင်ငံညှိနှိုင်းမှုနဲ့ အခုနှစ် မေ (၁၀) ရက်က စတင်ပြီး ပြန်လည်ခွင့်ပြု စေလွှတ်နေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံမှာ တရားဝင် MOU စနစ်နဲ့ လုပ်သားတွေကို ခေါ်ယူရာမှာ လုံလောက်မှုမရှိသေးတဲ့အတွက် တရားမဝင်နေထိုင်နေတဲ့ မြန်မာ အပါအဝင် လေးနိုင်ငံကလုပ်သားတွေကို ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ် ကိုင်နိုင်တဲ့ ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးဖို့ စီစဉ်နေ တယ်လို့လည်း သိရပါတယ်။