နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ သစ်တောပြုန်းတီးနေရာ ၅ နေရာအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍ ဇူလိုင် ၁၀ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခဲ့ကြသည်။

ထိုသို့ ကြဲချရာတွင် တပ်ကုန်းမြို့နယ်၊ဆင်သေချောင်း၊ရေဝေရေလဲဧရိယာအတွင်းရှိ အထက်ဆင်သေကြိုးဝိုင်း၏ နေရာ ၃ နေရာ(ဧရိယာ ၈၈ ဒသမ ၉၆ ဧက)တွင် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်အမျိုးအစား ၈ မျိုးအား ကြဲချခဲ့သည်။

မြန်မာကုက္ကို၊သင်္ဘောကုက္ကို၊စစ်၊မဲဇလီ၊ဘောစကိုင်း၊ဘုံမဲဇာ၊မန်ဂျန်ရှားနှင့်ရေသကျည်းသစ်စေ့များ ပါဝင်သည့် သစ်စေ့ မြေလုံးပေါင်း တစ်သိန်းအား ကြဲချခဲ့ခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊အင်းလေးကန်ရေဝေရေလဲဧရိယာအတွင်းရှိ အင်းလေးအရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတွင်လည်း ဒေသနှင့်ကိုက်ညီသည့် သစ်ပင်အမျိုးအစားများဖြစ်သော မဲဇလီ၊ကုလားကုက္ကို၊ရင်းမာ၊ပျဉ်းမ၊ရေသကျည်း၊ဘောစကိုင်း၊သစ်စေ့များဖြင့် ပြုလုပ်ထားသည့် သစ်စေ့မြေလုံးပေါင်း နှစ်သိန်းအား ကြဲချခဲ့ကြသည်။

ထိုသို့ ကြဲချထားသည့် သစ်စေ့များအောင်မြင်ရှင်သန်မှုအခြေအနေအား ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့်သစ်စေ့မျိုးအလိုက် ပေါက် ရောက်ရှင်သန်နိုင်မှု စာရင်းကိုကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရဟတ်ယာဥ်ဖြင့်သစ်စေ့မျိုးလုံးများကြဲချခြင်းအား ၂၀၂၁ ခုနှစ် မိုးရာသီတွင်လည်း တပ်မတော်လေ ရဟတ်ယာဉ်ဖြင့် ရှမ်းပြည်နယ် အင်းလေးကန်ရေဝေရေလဲဧရိယာနှင့်နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ဆင်သေချောင်း ရေဝေရေလဲဧရိယာတို့တွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။