ထိုင်းနိုင်ငံ၌ ကွန်ဒိုဝယ်ယူမှု မြန်မာက အဆင့်(၅) နေရာတွင် ရပ်တည်

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများ ဝယ်ယူမှု မြင့်တက်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံ၏ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ(Real Estate Information Centre – REIC)၏ ထုတ်ပြန်ချက်အရ ထိပ်တန်း ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၅)နေရာ၌ ပါဝင်လာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (Real Estate Information Centre – REIC)၏ စစ်တမ်းကောက်ယူမှုကို ထုတ်ပြန်ခဲ့ရာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံ၌ နိုင်ငံခြားသား ကွန်ဒိုပိုင်ဆိုင်မှုမှာ တရုတ်နိုင်ငံက (ဘတ် ၁၇ ဒသမ၉၄ ဘီလီယံ သို့မဟုတ် ၄၈ ဒသမ ၅ ရာခိုင်နှုန်း)ဖြင့် ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ၎င်း၏ နောက်တွင် အမေရိကန်ပြည်ထောင်စုက (ဘတ် ၁ ဒသမ ၆၁ဘီလီယံ သို့မဟုတ် ၄ ဒသမ ၄ ရာခိုင်နှုန်း)ဖြင့် ဒုတိယလိုက်နေပြီး ပြင်သစ်နိုင်ငံက (ဘတ် ၁ ဒသမ ၄၃ ဘီလီယံသို့မဟုတ် ၃ ဒသမ ၉ ရာခိုင်နှုန်း)ဖြင့် တတိယနေရာတွင် ရှိနေသည်။ ၎င်းတို့၏နောက်တွင် ရုရှားနိုင်ငံက (ဘတ် ၁ ဒသမ ၃၆ ဘီလီယံသို့မဟုတ် ၃ ဒသမ ၇ ရာခိုင် နှုန်း)ဖြင့် စတုတ္ထနှင့် မြန်မာနိုင်ငံက (ဘတ် ၁ ဒသမ၃၄ ဘီလီယံသို့မဟုတ် ၃ ဒသမ ၆ ရာခိုင်နှုန်း)ဖြင့် ပဉ္စမ စသည်ဖြင့်အသီးသီးရှိနေကြသည်။

၂၀၂၃ခုနှစ်တွင် ထိုင်းနိုင်ငံ၌ တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုမှာ ယခင်နှစ်များထက် နည်းပါးသော်လည်း တရုတ်ပိုင်ရှင်များသည် နိုင်ငံခြားကွန်ဒိုဈေးကွက်ကို လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်ဟု ဆိုသည်။ ထို့ပြင်၂၀၂၂ ခုနှစ် ပထမကိုးလတွင် နိုင်ငံခြားသားများဝယ်ယူသည့် ကွန်ဒိုအားလုံး၏ ထက်ဝက်နီးပါးခန့်ကို တရုတ်နိုင်ငံသားများက ပိုင်ဆိုင်ကြကြောင်း သိရသည်။

နိုင်ငံခြားသားများ ဝယ်ယူသည့် ကွန်ဒိုအားလုံး၏ ၅၀ ရာခိုင်နှုန်း နီးပါးရှိသောတရုတ်လူမျိုးများ၏ ဝယ်ယူမှုမှာ များသည်ဟုထင်ရသော်လည်း ယခင်နှစ်များကထက် လျှော့ နည်းသွားသည်ဟုဆိုသည်။ ၂၀၁၈- ၂၀၂၁ခုနှစ်အတွင်း၌ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ဝယ်ယူသည့် ကွန်ဒိုအားလုံး၏ ၅၅-၆၀ ရာခိုင်နှုန်းသည် တရုတ်ပိုင်ရှင်များဖြစ်ကြောင်း သိရသည်။၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၌ ရုရှားနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုက တရုတ်နိုင်ငံသားများထက် ပိုမိုများပြားလာကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံသည်လည်း ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု မှာ ၂၀၂၁ ခုနှစ်အထိအဆင့်(၁၀)နောက်တွင်သာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် သိသိသာသာ များပြားလာခဲ့ပြီး အဆင့်(၅)နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ source: sdtimedaily