ကချင်နှင့် ရှမ်းမြောက်ပဋိပက္ခတွင်ပါဝင်သည့်အဖွဲ့များ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လိုက်နာရန် ကုလတိုက်တွန်း

ကချင်နှင့်ရှမ်းမြောက်တွင် ဖြစ်ပွားသော ပဋိပက္ခများနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ အနေဖြင့် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို အပြည့်အဝ လေးစားလိုက်နာကျင့်သုံးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း လိုက်သည်။ ဂါဇာ၊ ဘူရွန်ဒီနှင့် မြန်မာ နိုင်ငံ၏ ဒေသတွင်းအခြေအနေ များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံး၏ မေလ ၁၅ ရက် သတင်း ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြခဲ့ သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားမှုနှင့် စစ်ရေး တင်းမာမှုများ ရှိနေသည့်အပေါ် အထူး စိုးရိမ်မိကြောင်း ထုတ် ပြန်ချက်ပါ မြန်မာနိုင်ငံဆိုင်ရာ သတင်းလွှာတွင် ဖော်ပြသည်။ အဆိုပါပြည်နယ်နှစ်ခုတွင်ကာလရှည် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ပြည်သူများ ကြီးစွာဒုက္ခ ရောက်ရကြော င်းနှ င့် နှစ်ဖက် အဖွဲ့အစည်းအနေဖြင့် အဓိပ္ပာယ် ရှိသော တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် စစ်မက်ဖြစ်ပွားမှု အခြေအနေများကို ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

နေရပ်စွန့်ခွာ ဒုက္ခသည်တစ်သိန်းခန့်ရှိနေသည့် ကချင်ပြည်နယ်တွင် ဧပြီလဆန်းကစ၍ လူ  ၇,၄၀၀ ခန့် အသစ် ထပ်မံ နေရပ်စွန့်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။ ပဋိပက္ခဒဏ်ခံစားရသည့် ဒေသများတွင် နေထိုင်သည့် ပုဂ္ဂိုလ်များနှင့် အိုးအိမ်စွန့်ခွာထွက် ပြေးရသူများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့် ပေးရန် မေတ္တာ ရပ်ခံကြောင်း ကုလထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း အမုန်းတရားများ အဆုံး သတ်ရေး ပြီးခဲ့သည့်စနေနေ့က ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူများကို ဖမ်းဆီး သည့်ဖြစ်စဉ်များအပေါ် စိုးရိမ် ပူပန်မိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ဆက်လက်၍ အစိုးရအာဏာပိုင်များ အနေဖြင့် ငြိမ်းချမ်းရေးစုဝေးခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို လေးစားလိုက်နာရန် မေတ္တာရပ်ခံထားသည်။ တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA) က မူဆယ်မြို့ရှိ ပန်းခမ်းတံတား လုံခြုံရေးရဲကင်းကို လာရောက် တိုက်ခိုက်သဖြင့် ရဲအရာရှိ၊ ပြည်သူ့စစ်၊ ပြည်သူများအ ပါအဝင် စုစုပေါင်း ၁၉ ဦး သေ ဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်း များက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့်သာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ(အီးယူ)သံ ကိုယ်စားလှယ်အဖွဲ့နှင့် အီးယူအ ဖွဲ့ဝင်နိုင်ငံ သံအဖွဲ့အကြီးအကဲများကသဘောထားထုတ်ပြန်သည်။ မြန်မာနိုင်ငံကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် လတ်တလောဖြစ်ပွား နေသည့် စစ်ပွဲများ၊ ကရင်ပြည် နယ်အတွင်း စစ်ရေးတင်းမာနေမှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂက မေလ ၁၆ ရက်၌သတင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

အရပ်ဘက်လူထုကို ကာကွယ်စောင့်ရှောက်နိုင်ရန်ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အားလုံးအနေဖြင့် စစ်မဖြစ်ပွား မှုနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးရာ၌ တရားဝင်အသိသက်သေဖြစ်သည့် ဥရောပသမဂ္ဂ၏ သဘောထား ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကချင်၊ရှမ်းမြောက်နှင့် ကရင်ပြည်နယ်ဒေသအချို့၌ လက်နက်ကိုင်ပဋိပက္ခနှင့် စစ်မက်ဖြစ်ပွားမှုများ မြင့်တက်လာမှု ကြောင့် အရပ်သား တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသရှိ များစွာ သော ရပ်ရွာလူထု အသိုင်းအ၀ိုင်းတို့ စိုးရိမ်ဖွယ်ရာအခြေ အနေသို့ ကျရောက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ က မှတ်ချက်ပြုသည်။

တိုက်ခိုက်ရေးအင်အားအလွန်အမင်းသုံးစွဲခြင်း၊ အရပ်သားများဘေးလွတ်ရာသို့ ထွက်ပြေး၍မရနိုင်ရန်အတားအဆီး များရှိနေခြင်းနှင့် အကူအညီလိုအပ်နေသည့် အရပ်ဘက်လူထုအနေဖြင့် လူသားချင်းစာနာမှု အကူအညီများ ချက်ချင်းရရှိနိုင်ရန် ငြင်းပယ်ခြင်းခံရသည့်သတင်းများကြားသိ နေရခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း သဘောထားထုတ် ပြန်ချက်တွင် ဖော်ပြသည်။