လက်ဘနွန်ရွေးကောက်ပွဲ၌ ဟစ်ဇ်ဘိုလာအဖွဲ့ အောင်ပွဲခံ

ဘေရွတ်၊ လက်ဘနွန်၊ မေ ၈

လက်ဘနွန်နိုင်ငံ၌ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ဆော်ဒီအစိုးရမှ ထောက်ပံ့ပေးထားသော လက်ရှိ ၀န်ကြီးချုပ် ဆက်ဒ်ဟာရီရီ၏အဖွဲ့သည် အကြီးအကျယ်ရှုံးနိမ့်ခဲ့သောကြောင့် အီရန်အစိုးရမှထောက်ပံ့ ပေးထားသော ဟစ်ဇ်ဘိုလာအဖွဲ့က အင်အားဆက်လက်ကြီးစိုးလာနိုင်ခဲ့ပြီး ၄င်း၏ထောက်ခံသူများက တနင်္လာနေ့ က အောင်ပွဲခံခဲ့ကြသည်။

ဆယ်စုနှစ်တစ်စုနီးပါးခန့်ကာလအတွင်း လက်ဘနွန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ်ကျင်းပသော ရွေးကောက်ပွဲ၌ အဓိကဦးဆောင်အဖွဲ့နှစ်ဖွဲ့ဖြစ်သော ဟစ်ဇ်ဘိုလာနှင့် ဆော်ဒီထောက်ခံသော လက်ရှိအစိုးရတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နက်စ်ရာလာက ရွေးကောက်ပွဲမဲရလာဒ်သည် နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်မည့် ၄င်းတို့အဖွဲ့အတွက် ကြီးမားသော နိုင်ငံရေးနှင့် အကျင့်သိက္ခာအောင်ပွဲတစ်ရပ် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

၁၂၈ နေရာခန့်ရှိသော ပါလီမန်အတွင်း၌ ဟစ်ဇ်ဘိုလာအဖွဲ့မှ ဥပဒေပြုအမတ်များ၏ ထိုင်ခုံနေရာများမှာ တိုးတက်လာခြင်းမရှိသော်လည်း ၄င်း၏မဟာမိတ်များက ထိုင်ခံနေရာပိုမိုရရှိလာပြီး ၀န်ကြီးချုပ်ဟာရီရီ၏အဖွဲ့ ကမူ နေရာအများအပြား ဆုံးရှုံးသွားခဲ့ရသည်။

အီရန်အစိုးရမှထောက်ပံ့ပေးထားသည့် ရှီးအိုက်မွတ်စလင်လှုပ်ရှားမှုအဖွဲ့နှင့် ၄င်း၏မဟာမိတ်များသည် ပါလီမန် အတွင်း၌ နေရာအများအပြား အနိုင်ရရှိခဲ့သောကြောင့် ၄င်းတို့၏ နိုင်ငံရေးပြိုင်ဘက်များ တောင်းဆိုနေသည့် လက်နက်စွန့်လွှတ်ရေးမူဝါဒကို ကာကွယ်ဖို့အခြေအနေကောင်းသွားပြီဖြစ်သည်။

“ဥပဒေပြုလွှတ်တော်ထဲမှာ နေရာအများအပြားအနိုင်ရရှိခဲ့ခြင်းကြောင့် မဟာဗျူဟာကျတဲ့ရွေးချယ်မှုတွေနဲ့ စစ်တပ်၊ ပြည်သူ၊ အတိုက်အခံစတဲ့ ဘက်ပေါင်းစုံကနေ ထည့်တွက်ဆင်ခြင်ရမယ့် ပြသနာတွေကို အကာအကွယ်ပေးဖို့ ကြီးမားတဲ့အင်အားရရှိသွားပါပြီ” ဟု နက်စ်ရာလာက ဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ချဖို့တောင်းဆိုခဲ့သော ၀န်ကြီးချုပ်ဟာရီရီသည် ဆော်ဒီအစိုးရထံမှ ထောက်ပံ့ မှုအား ဆုံးရှုံးသွားစဉ်ကတည်းက အင်အားလျော့ကျသွားခဲ့ပြီး သူ၏အဖွဲ့သည်လည်း ပါလီမန်အတွင်း၌ နေရာ အများအပြား ဆုံးရှုံးခဲ့ရသည်။

ဟာရီရီက သူ၏အဖွဲ့သည် ပါလီမန်အတွင်း၌ ထိုင်ခုံနေရာ ၃၃ နေရာ နဂိုကရရှိထားခဲ့သော်လည်း ယခုအခါ ၂၁ နေရာအထိ ကျဆင်းသွားခဲ့သည်ဟု သတင်းထောက်များကို ပြောခဲ့သည်။

-Ref; AFP