ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်းကို စင်ကာပူတွင် စတင်ဖွင့်လှစ်

ကမ္ဘာပေါ်တွင် အကြီးဆုံး မူလတန်းကြိုကျောင်းကို စင်ကာပူနိုင်ငံတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

Early Learning Village မူကြိုကျောင်းကို လိုရွန်ချွမ် အရပ်ရှိ ဩစတြေးလျ နိုင်ငံတကာကျောင်း (AIS) ပိုင်ဆိုင်သော မြေနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုကျောင်းကို AISနှင့် စတမ်းဖို့ဒ် အမေရိကန် နိုင်ငံတကာကျောင်း (SAIS)တို့ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

Early Learning Villageသည် စုစုပေါင်း စတုရန်းပေ ငါးသောင်းမျှ ကျယ်ဝန်းပြီး ကလေးငယ် ၂၁၀၀ မျှကို ကျောင်းသင်ခန်းစာများ မတိုင်မီ ပညာသင်ယူမှု အထောက်အပံ့ကောင်းများ ပေးအပ်နိုင်မည်ဟု ဆိုသည်။

အသက် တစ်နှစ်ခွဲ အရွယ်မှ ခြောက်နှစ်ထိ ကလေးများကို လက်ခံပေးမည့် အဆိုပါကျောင်းသည် ကမ္ဘာ့ အကြီးဆုံး မူကြိုကျောင်း အနေဖြင့်လည်း ညွှန်းဆို ခံခဲ့ရသည်။

AISနှင့် SAISတို့သည် ဧရိယာ တစ်ခုတည်းတွင် အခြေစိုက်ထားသော်လည်း သင်ကြားမှု နည်းစနစ်များ ခြားနားစွာ ရှိနေသည်။ ထို့နောက်တွင် ကျောင်းနှစ်ကျောင်း ညှိနှိုင်းကာ အကောင်းဆုံး မူကြိုတစ်ခု ဖန်တီး တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဟု သိရသည်။ “တကယ်လို့ ကိုယ့်ဖာသာကိုယ် ကျောင်းတွေ သီးသန့် တစ်ခုစီ ဆောက်မယ်ဆိုရင် ဒီလောက် ထူးထူးကဲကဲ မူကြိုတစ်ခု ဖြစ်လာမယ် မထင်ဘူး”ဟု SAIS၏ မူလတန်းကြို သင်ကြားရေးဌာန အကြီးအကဲ ဒေါက်တာ မိုက်ကယ်ဒေးက မှတ်ချက်ပြုခဲ့သည်။

အဆိုပါကျောင်းတွင် ကလေးများ ပညာသင်ယူရန်အပြင် ကိုယ်လက်ကြံ့ခိုင်ရေး အထောက်အပံ့ ဆော့ကစားရန် နေရာများ၊ ကစားကွင်းများ၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု အထောက်အပံ့ စင်တာများနှင့် မီတာ ၂၀ ရှည်လျားသည့် ရေကူးကန်တို့ပါ ထည့်သွင်း ဆောက်လုပ်ပေးထားသည်။

ကျောင်းအပ်လက်ခံသည့် စရိတ်စကမှာ ကလေးငယ်များ၏ အသက်အရွယ်အလိုက် ပြောင်းလဲမည်ဖြစ်ပြီး ဥပမာ အနေဖြင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးသည် တစ်ပတ်ငါးရက် ကျောင်းတက်ရန်အတွက် စာသင်နှစ် တစ်ဝက်လျှင် စင်ကာပူဒေါ်လာ ၁၄၅၀၀ မျှ ပေးသွင်းရမည်ဟု သိရသည်။

Ref: CNA