ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်ကို ဆန္ဒပြသည့် ဆော်ဒီမင်းသား ၁၁ ဦး ဖမ်းဆီးခံရ

လက်ရှိအုပ်ချုပ်နေသည့် မင်းသား မိုဟာမက်ဒ်ဘင်ဆာမန်း။ (ဓာတ်ပုံ – ရိုက်တာ)

ဆော်ဒီအာရေးဗျနိုင်ငံမှာ တော်ဝင်မိသားစုတွေသုံးစွဲတဲ့ ရေဖိုး မီးဖိုး ကိုယ်တိုင်ကျခံရမယ်ဆိုတဲ့ ခြိုးခြံခြွေတာရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မင်းသား ၁၁ ဦးကို ဆော်ဒီအာဏာပိုင်တွေ က ဖမ်းဆီးလိုက်ပါတယ်။

တော်ဝင်မိသားစုတွေရဲ့ ရေဖိုး မီးဖိုး စရိတ်တွေကို နိုင်ငံတော်က အကုန်အကျခံပေးတဲ့ အစီအစဉ် ပယ်ဖျက် လိုက်တဲ့အတွက် ဆန့်ကျင်တောင်းဆိုဖို့ မြို့တော်ရီယာ့ဒ်ရဲ့ သမိုင်းဝင်နန်းတော်မှာ မင်းသားတွေ စုရုံးခဲ့ကြတာပါ။

ဆော်ဒီအာရေးဗျနိုင်ငံဟာ လောင်စာဆီဈေး ကျလာတဲ့အတွက် အကြီးအကျယ် ဘတ်ဂျက်လိုငွေပြမှု ကာမိအောင် တော်ဝင်မိသားစုတွေကို အကျိုးခံစားခွင့်နဲ့ ထောက်ပံ့ငွေတွေ ဖြတ်တောက်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အသစ်တွေကို မိတ်ဆက်ခဲ့သလို ကုန်ပစ္စည်း ဝယ်ယူသုံးစွဲရာမှာ ဆောင်ရမယ့် အခွန် (ဗွီအေတီ) ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

ဆော်ဒီမင်းသားတွေ Qasr al-Hokm ဟိုတယ်မှာ ဇန်နဝါရီ ၆ ရက်နေ့က ဆန္ဒပြခဲ့တယ်လို့ သတင်းဝက်ဘ်ဆိုက် တခုဖြစ်တဲ့ ဆက်ဘ်က သတင်းထုတ်ပြန်ထားပြီး ရုပ်သံထဲမှာ မင်းသားတွေ နန်းတော်ကြမ်းပြင်ပေါ် အိပ်ပြီး ဆန္ဒပြနေတာ တွေ့ရပါတယ်။

မင်းသားတွေက သူတို့ရဲ့ အမည်မဖော်ပြထားတဲ့ ဝမ်းကွဲမောင်နှမတဦးအပေါ် သေဒဏ်ချမှတ်မှုအတွက်လည်း လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပြီး သူတို့ကို ရီယာ့ဒ်မြို့တောင်ဘက်ရှိ လုံခြုံရေးအမြင့်ဆုံး ဟာယာ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ကာ တရားစီရင်ဖို့ စီစဉ်နေတယ်လို့ အယ်လ်ဂျာဇီးရား သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ဖမ်းဆီးလိုက်တဲ့ လုံခြုံရေးတွေဟာ လက်ရှိအုပ်ချုပ်နေတဲ့ မင်းသား မိုဟာမက်ဒ်ဘင်ဆာမန်းရဲ့ တပ်ဖွဲ့ကလို့ သိရပြီး ဆာမန်းက လာဘ်စားမှုနဲ့ပတ်သက်လို့ သံသယရှိတဲ့ တော်ဝင်မိသားစုတချို့နဲ့ အကြီးတန်းအရာရှိ ၂၀၀ ကျော်ကို အရေးယူမှု အပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဦးဆောင်ခဲ့တာပါ။

ဖမ်းဆီးခံရတဲ့မင်းသားတွေရဲ့ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ “ဥပဒေရဲ့ရှေ့မှာ လူတိုင်း တန်းတူညီမျှ ဖြစ်ရမယ်၊ စည်းမျဉ်းနဲ့ လမ်းညွှန်မှုတွေကို မလိုက်နာသူ ဘယ်သူမဆို တာဝန်ယူမှု ရှိရမယ်၊ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး” လို့ သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က လာဘ်စားမှုနဲ့ပတ်သက်လို့ တော်ဝင်မိသားစုဝင် ဒါဇင်ပေါင်းများစွာကို နှိမ်နင်းခဲ့ပြီး သူတို့ကို ရီယာ့ဒ်မြို့ရဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ရစ်ဇ်ဟိုတယ်မှာ ဖမ်းချုပ်ထားတာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။  (DVB)