မြောက်ကိုရီးယားအရေး အမေရိကန် သတိပေးချက် တရုတ်ဝေဖန်

မြောက်ကိုးရီးယားနိုင်ငံရဲ့ နောက်ဆုံး နျူကလီးယားစမ်းသပ်မှုပြုလုပ်ပြီးတဲ့နောက် မြောက်ကိုးရီးယားနဲ့ စီးပွါးရေး လုပ်ကိုင်တဲ့ ဘယ်နိုင်ငံနဲ့မဆို ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်ပစ်မယ်ဆိုတဲ့ အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက် ပြောဆိုမှုဟာတရုတ်နဲ့ အမေရိကန်တို့ရဲ့ ကြီးမားတဲ့ကုန်သွယ်မှုအပေါ် အန္တရာယ်ဖြစ်စေတယ် ဆိုပြီး တရုတ်နိုင်ငံ ဘက်က ဝေဖန်ထိုးနှက်လိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယားအရေးဆွေးနွေး

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ နောက်ထပ်ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ဖိအားပေးနေတာနဲ့အမျှ အမေရိကန်နဲ့ တရုတ်တို့ကြား နှစ်စဉ် ဒေါ်လာ ဘီလီယံ ၆၅၀ တန်ဖိုးရှိတဲ့ ကုန်သွယ်ရေးအပေါ်ထိခိုက်နိုင်တဲ့ စီးပွါးရေးဆိုင် ရာ ခြိမ်းခြောက် ပြောဆိုထားတဲ့ အစီအစဉ်တွေကို သမ္မတ Trump က ရှေ့ဆက် လုပ်ကိုင်သွားမလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တနင်္လာနေ့မှာ မိန့်ခွန်းပြောဆိုရာမှာ မြောက်ကိုးရီးယား ခေါင်းဆောင်ရဲ့ မစ်ဇိုင်းဒုံး လက်နက်တွေကို မတော်မတရား အသုံးပြု နေတာတွေနဲ့ နျူကလီးယားဆိုင်ရာ ခြိမ်းခြောက်ရန်စမှုတွေဟာ စစ်မဖြစ်ဖြစ်အောင် တွန်းပို့နေတာဖြစ်တယ် ဆိုပြီး ပြောဆိုသွားပါတယ်။

အာခံနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရင်ဆိုင်ရာမှာ သံတမန်ရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ကိုင်နေတာ တွေ သိပ်နောက်ကျမသွားခင် ပိုပြင်းထန်ပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ နဲ့လုပ်ဖို့လိုပြီလို့လည်း Nikki Haley က ပြောဆိုသွားပါတယ်။ မြောက်ကိုရီးယားအပေါ် ဆန့်ကျင်တဲ့လုပ်ရပ်တွေမှာ တရုတ်နိုင်ငံ ဘက်က ဘယ်လို ထောက်ခံအားပေးမလဲဆိုတာကိုတော့ တရုတ်ပြောခွင့်ရသူက ဖြေကြားခြင်းမရှိပဲ နိုင်ငံတော်ကောင်စီဝင်တွေရဲ့ ဆွေးနွေးမှုအပေါ် မူတည်တယ်လို့ ပြောဆိုသွားပါတယ်။

  (VOA)