အောင်သူ့ပုံ မတင်မိတဲ့ Police Tero အသင်း မြန်မာပရိသတ်များကို ပြန်လည်ရှင်းပြနေရ

ယခုနှစ် ဘောလုံးရာသီမှာ ရတနာပုံအသင်းကနေ ထိုင်းလိဂ်(၁)ကလပ် Police Tero FCအသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ပြည်တွင်းပြည်ပ မြန်မာ ပရိသတ်များက အထူးအားပေးစောင့်ကြည့်လျက်ရှိနေတာကို တွေ့မြင်နေရပါတယ်။

အောင်သူ အနေနဲ့ မြန်မာ့ဘောလုံးသမိုင်းမှာ ထိုင်းလိဂ်(၁)ကို ပထမဆုံးသွားရောက်ကစားနိုင်တဲ့ လက်ရွေးစင် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူဖြစ်တာနဲ့အညီ ယခုနှစ် Police Tero FC အသင်းရဲ့ ပွဲစဉ်တွေကို အွန်လိုင်းမှတဆင့် မြန်မာပြည်မှ ပရိသတ်တွေ စောင့်ကြည့်လို့ ရ စေမယ့်အထိ Police Tero FC အသင်းက ကြိုးပမ်းပေးနေတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ အသင်းနဲ့အတူ ထရိန်နင်ဆင်းနေတဲ့ ပုံတွေကို အသင်း တရားဝင် ဖေ့ဘုတ်ပေ့ခ်ျမှ အဆက်မပြတ် တင်ဆက်ပေးလျက်ရှိနေရာ ပရိသတ်များ စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေပြီး ဇန်န၀ါရီလ ၆ ရက်နေ့က တင်ခဲ့တဲ့ ပုံများမှာ အောင်သူပုံ ပါမလာတာနဲ့ ပက်သက်ပြီး ပရိသတ်များက မကျေမနပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပက်သက်ပြီး Police Tero အသင်းက တရားဝင် အသိပေးမှု ပြုလုပ်ခဲ့ရာမှာတော့ -“အောင်သူအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကတည်းက နှစ်သစ်ကူး အားလပ်ရက် ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး အသင်းနဲ့အတူ ဇန်န၀ါရီလ ၆ ရက်နေ့ အထိ ပူးပေါင်း နိုင်ခြင်းမရှိသေးပဲ ၇ ရက်နေ့မှသာ ပူးပေါင်းနိုင်ခဲ့တာဖြစ်တယ်။” လို့ ပြန်လည် ရှင်းပြခဲ့ရပါတယ်။

အောင်သူအနေနဲ့ ဇန်န၀ါရီလ ၇ ရက်နေ့မှတော့ ကလပ်အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းမှုတွေပြုလုပ်နေပြီဖြစ်ပြီး အသင်းရဲ့ ဖေ့ဘုတ်ပေ့ခ်ျမှာလည်း ၎င်းရဲ့ ပုံများ ပြန်လည် ပေါ်ထွက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

Source- Police Tero FC/ Duwun