အိန္ဒိယဆေးရုံများ၌ အိတ်ခ်ျအိုင်ဗီပိုးရှိ သွေးသွင်းခံရ၍ လူပေါင်း ၂၀၀၀ ရောဂါကူးစက်

H-I-V

အိန္ဒိယနိုင်ငံက ဆေးရုံများမှ အိတ်ခ်ျအိုင်ဗီပိုးရှိသည့် သွေးသွင်းခံရကာ ရောဂါကူးစက်ခြင်းခံရသူပေါင်းသည် ၁၇ လ အတွင်း လူပေါင်း ၂၂၃၄ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါအချက်အလက်ထုတ်ပြန်ချက်ကို တက်ကြွလှုပ်ရှားသူ ချီတန်ကော့သာရီ၏ မေတ္တာရပ်ခံချက်အရ နိုင်ငံ၏ အမျိုးသားအိတ်ခ်ျအိုင်ဗီထိန်းချုပ်ရေး အဖွဲ့အစည်းက ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းအချက်အလက်အား မြင်တွေ့ရ၍ တုန်လှုပ်သွားရကြောင်း ကော့သာရီက ဘီဘီစီသို့ ပြောသည်။

အိန္ဒိယနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီဖြစ်ပွားသူပေါင်းသည် နှစ်သန်းကျော်ထက်မနည်းရှိသည်။

လူနာအများစုမှာ ဆေးရုံများတွင် သွေးသွင်းရာမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း၊ နိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင် ဆေးရုံများမှ သွေးသွင်း မိ၍ အိတ်ခ်ျအိုင်ဗီကူးစက်ခံရသူပေါင်းက ၃၆၁ ဦးရှိကြောင်း သိရသည်။

အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ၂၉၂ ဦးနှင့် မဟာရာရှထရာပြည်နယ် ၂၇၆  ဦးဖြင့် ဒုတိယနှင့် တတိယ အများဆုံး ကူးစက်မှုများဖြစ်သည်။

မြို့တော်နယူးဒေလီတွင် ဆေးရုံမှ သွေးသွင်း၍ ရောဂါကူးစက်သူပေါင်းက ၂၆၄ ဦးရှိကာ စတုတ္ထအများဆုံးဖြစ်သည်။

“ဒီအရေအတွက်အချက်အလက်က အစိုးရပိုင် အမျိုးသားအိတ်ခ်ျအိုင်ဗီထိန်းချုပ်ရေးအဖွဲ့အစည်းရဲ့ တရားဝင် ထုတ်ပြန်မှုပေါ့။ ကျွန်တော်အထင်တော့ ဆေးရုံတွေ ကနေ သွေးသွင်းရာက အိတ်ခ်ျအိုင်ဗီကူးစက်ဖြစ်ပွားသူ အမှန်အရေအတွက်ဟာ ခုနှုန်းထက် နှစ်ဆ သုံးဆ ပိုများနေနိုင်တယ်။”ဟု ကော့သာရီက ပြောခဲ့သည်။

-Ref; BBC


Leave a Reply