ချန်ပီယံလိဂ်တွင် တပွဲတည်း စံချိန်နှစ်ခု ပိုင်ဆိုင်ခဲ့သည့် ဘင်ဖီကာဂိုးသမား

အသက် ၁၈ နှစ်အရွယ် ဘင်ဖီကာဂိုးသမား ဆဗီလာဟာ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အသက်အငယ်ဆုံး ပယ်နယ်တီကာကွယ်နိုင်သူနဲ့ ချန်ပီယံလိဂ် အသက်အငယ်ဆုံး ကိုယ့်ဂိုးကိုယ် သွင်းယူသူဆိုတဲ့ စံချိန်နှစ်ခုကို တပွဲတည်းမှာ ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ မန်ယူအသင်းရရှိတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး မာရှယ် ကန်သွင်းယူရာမှာ ဘင်ဖီကာဂိုးသမား ဆဗီလာ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပထမပိုင်း ပွဲချိန်ပြီးဆုံးခါနီးမှာ မန်ယူ ကွင်းလယ်ကစားသမား မာတစ် အပြင်းကန်သွင်းလိုက်တဲ့ ဘောလုံးဟာ တိုင်ထိထွက်လာပြီး ဘင်ဖီကာဂိုးသမား ဆဗီလာကိုထိကာ ဂိုးဝင်သွားခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာ မန်ယူအသင်းက ပင်နယ်တီကန်သွင်းခွင့် နောက်တကြိမ် ထပ်မံရရှိခဲ့တဲ့အတွက် နောက်ခံ ကစားသမား ဘလိုင်း သွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် ချန်ပီလိဂ် အုပ်စု အေမှာ မန်ချက်စတာယူနိုက်တက် အသင်းက ၄ ပွဲကစား ရမှတ် ၁၂ မှတ်နဲ့ အုပ်စုပထမနေရာမှာ ဆက်လက်ရပ်တည်နေပြီး ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အခွင့်အရေး ပိုမိုခိုင်မာလာ ပါတယ်။

(DVB)