WTA နှစ်ကုန်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဟာလက် နံပါတ်(၁) နေရာရပ်တည်

ကမ္ဘာ့အဆင့် နံပါတ်(၁)တွင် ရပ်တည်ခဲ့သည့် ရိုမေးနီးယားနိုင်ငံသူ ဟာလက် (Photo: youtube)

၂၀၁၇ ရာသီ WTA Tour အမျိုးသမီးတင်းနစ်ပြိုင်ပွဲများ ပြီးဆုံးသွားပြီဖြစ်ပြီး နှစ်ကုန်ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ရာ ရိုမေးနီးယားနိုင်ငံသူ ဟာလက် နံပါတ် (၁) နေရာတွင် ရပ်တည် နိုင်ခဲ့ကြောင်း သိရသည်။

ဟာလက် (၂၆ နှစ်)သည် ယခုလဆန်းပိုင်းတွင် ကစားသမားဘ၀အမြင့်ဆုံးရပ်တည်မှုအဖြစ် ကမ္ဘာ့အဆင့်(၁) နေရာ ပထမဆုံးအကြိမ် ရပ်တည်နိုင်ခဲ့သည်။ ၎င်းသည် အောက်တိုဘာ ၂၉ ရက်က ကျင်းပပြီးစီးခဲ့သည့် WTA Finals ပြိုင်ပွဲတွင် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် အုပ်စုအဆင့်မှထွက်ခဲ့ရသော်လည်း နှစ်ကုန်အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာ ရပ်တည်နိုင်သည့် ၁၃ ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မူဂူရူဇာ (စပိန်)က ဟာလက်နှင့် ရမှတ် ၄၀ အကွာဖြင့် ဒုတိယ၊ WTA Finals ပြိုင်ပွဲချန်ပီယံ ဝေါ်ဇနီယာကီ (ဒိန်းမတ်)က သုံးဆင့်မြင့်တက်လာပြီး တတိယ၊ ပလစ်ကိုဗာ (ချက်)က စတုတ္ထ၊ ဗီးနပ်စ်ဝီလျံ (အမေရိကန်)က ပဉ္စမနှင့် ၎င်းတို့၏ နောက်တွင် ဆဗီတိုလီနာ(ယူကရိန်း)၊ အိုစတာပန်ကို(လတ်ဗီးယား)၊ ကာရိုလိုင်းဂါစီယာ (ပြင်သစ်)၊ ဂျိုဟန်နာကွန်တာ (ဗြိတိန်)၊ မလာဒီနိုဗစ် (ပြင်သစ်) တို့ ရပ်တည်နေသည်။

 (Eleven)