နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစနစ်ကိုပြောင်းလဲကျင့်သုံး၍ အခက်အခဲများ တွေ့နေဟုဆို

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်း ကြောင့် အခက်အခဲများ ကြုံတွေ့နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။ အဆိုပါရုံးတွင် တစ်ရက်လျှင် လူဦးရေနှစ်ထောင်ခန့် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားနေပြီး လုံခြုံရေးအရ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ကိုယ်တိုင်ရုံး အတွင်း တန်းစီဝင်ရောက်သည့် စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က  စတင်ကျင့်သုံးခဲ့သည်။

နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူများထဲတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ ပင်မဂိတ်ပေါက်မှ တန်းစီဝင်ရောက်ရပြီး အချက်အလက်များတင်ရန်နှင့် ငွေသွင်းရန် ရုံးအဆောက်အအုံ အတွင်းဝင်ရောက်ရန် ထပ်မံတန်း စီရသဖြင့် အချိန်ကုန် လူပိုပင်ပန်းကြောင်း လာရောက်လျှောက်ထားသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ‘‘အပြင်က နေပူထဲမှာအထဲရောက်ဖို့ အရင်တန်းစီရတယ်။ အထဲရောက်တော့ အစစ်ခံရဖို့ လေးယောက်လောက် စုတန်းစီရတယ်။ တိုးရကြိတ်ရ အနင်းခံရနဲ့ တော်တော် အဆင်မပြေဘူး။ ကိုယ့်ဘေးမှာ မိန်းကလေးမို့ တော်သေးတယ်။ ယောက်ျားလေးတွေ ကြားမှာညပ်ပြီး တန်းစီရတဲ့ မိန်းကလေး တွေကိုသနားမိတယ်’’ ဟု ၎င်းကပြောသည်။ နိုင်ငံကူးလက်မှတ်ရုံး ဝင်ပေါက်ကို ထပ်မံတိုးချဲ့နိုင်ပါက ပိုမို အဆင်ပြေနိုင်ကြောင်း လက်မှတ် လာရောက် လျှောက်ထားသူ အင်ဂျင်နီယာဦးဇာနည်က ပြောသည်။

‘‘မနေ့က လာလျှောက်သေး တယ်။ နေပူထဲ ဆက်မစောင့်နိုင် တော့လို့ ပြန်သွားလိုက်တာ။ ဒီနေ့ လည်း မနက် ၈ နာရီခွဲက စတန်းစီတာ အခု ၁၂ နာရီထိုးအထိ စီနေရတုန်းပဲ။ နေကလည်း အရမ်း ပူတယ်။ ကျန်းမာရေး သွားချင်ရင်တောင်သွားလို့မရဘူး’’ ဟု ၎င်းက ပြောသည်။ နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားသူ၊ သက်တမ်းတိုးသူ၊ စာအုပ်အတွင်း စာရွက်ကုန် သွားသူများကို ခွဲခြားဆောင်ရွက် ပေးစေလိုပြီး သက်တမ်း တိုးသူနှင့်  စာမျက်နှာ ကုန်ဆုံးသည့်အတွက် အသစ် လျှောက်ထား သူများ အစအဆုံး ထပ်မံအစစ်ဆေး ခံရသဖြင့် အချိန်ပိုကုန်ကြောင်း ဦးဇာနည်က ဆိုသည်။ ‘‘လုံခြုံရေးအတွက် လျှောက် ထားတဲ့ စနစ်ကို တိုးမြှင့် ထားတာ ရယ်။ အရင်လိုစုပြုံပြီး ခန်းမထဲမှာ လုပ်တာမျိုးမဟုတ်ဘဲ တန်းစီတဲ့ စနစ်ပြောင်းလိုက်တဲ့အတွက် လူတန်းရှည် ဖြစ်သွားတယ်’’ ဟုမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။ ထို့အပြင် လုံခြုံရေးတိုးမြှင့် ထားသဖြင့် ယခင်လက်ဗွေနှစ်ခု မှတ်တမ်း ယူရာမှ ယခု လက်ဗွေ ၁၀ ခု မှတ်တမ်း ရယူခြင်း၊ မျက် လုံးမှတ်တမ်း (Eye Scan) ယူခြင်းများ ဆောင်ရွက် ခြင်းကြောင့် လည်း အချိန်ပိုကြန့်ကြာမှု ဖြစ်ရ ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် ဝန်ဆောင်မှု ကောင်တာ ၁၂ ခုဖြင့်ဆောင်ရွက်နေရာ အဆင်ပြေစေရန် စက်တင်ဘာလကုန်၌ ကောင်တာ အသစ် ၁၁ ခု ထပ်မံတိုးချဲ့ဖွင့်လှစ် ကာ စုစုပေါင်း ကောင်တာ ၂၃ ခု ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ၎င်းကပြောသည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ၏ အဖော်အဖြစ် ဝင်ရောက်လိုပါက သန်းခေါင်စာရင်းတွင် ဆွေမျိုး တော်စပ်သူဖြစ်မှ ပေးဝင် ကြောင်းနှင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ် များအတွက် တန်းစီရန် မလိုအပ်ဘဲ ဝန်ဆောင် မှု ကောင်တာ တစ်ခုသီးသန့်ဖွင့်လှစ်ထားကြောင်း တာဝန်ရှိ သူက ပြောသည်။ ယခင်က ပွဲစားများက လျှောက်ထားသူထံမှ ငွေကြေးယူကာ လိမ်လည်ထွက်ပြေးမှုများ ရှိပြီး ယခုကဲ့သို့ လျှောက်ထားသူ ကိုယ်တိုင် တန်းစီဝင်ရောက် ရသည် စနစ်ပြောင်းလဲ ကျင့်သုံးသဖြင့် ပွဲစားများ ပပျောက်ခဲ့ကြောင်း ၎င်းကပြောသည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများတွင် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံသို့ သွားရောက်အ လုပ်လုပ်ကိုင်မည့် အလုပ်သမား များ လျှောက်ထားမှု အများဆုံး (၁ ရက် ၁,၅၀၀ ခန့်) ရှိပြီး အ လည်အပတ်နှင့် အခြားကိစ္စရပ် များကြောင့် လျှောက်ထားသူနေ့ စဉ် ငါးရာခန့်ရှိသည်။ လက်မှတ် လျှောက်ထားရာတွင် နံနက် ၈ နာရီခွဲမှ ည ၇ နာရီအထိ ဝန်ဆောင်မှုပေး ဆောင်ရွက်နေကြောင်း ယင်းရုံးမှ တာဝန်ရှိသူက ဆိုသည်။