ကမ္ဘာ့ရွှေဈေးကျ၍ ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပြန်တက်

သွင်းကုန်အတွက် ပြည်ပသို့ အမေရိကန်ဒေါ်လာ အလွှဲနည်းသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးကျဆင်း လာခြင်းကြောင့် ပြင်ပဈေးကွက်၌ ဒေါ်လာဈေး ပြန်လည်မြင့်တက်လာသည်။ ယခုရက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပဲမျိုးစုံတင်ပို့မှု၊ ပြည်ပဆန်တင်ပို့မှုတို့မှ အမေရိကန်ဒေါ်လာ အ၀င်အနည်းငယ် တိုးမြင့်လာပြီး သွင်းကုန်အတွက် ပြည်ပသို့ ငွေလွှဲပေးပို့မှု နည်းနေကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုတစ်ပတ်အတွင်း သွင်းကုန်အတွက် ပြည်ပသို့ ငွေအလွှဲနည်းခြင်းကြောင့် ပြင်ပငွေကြေး ဈေးကွက်တွင် မတ်လ ၆ ရက်အထိ တစ်ဒေါ်လာလျှင် ၁,၃၅၀ ကျပ်သို့ ကျဆင်းခဲ့သော်လည်း မတ်လ ၇ ရက်ကစတင်၍ ကမ္ဘာ့ ရွှေဈေး ကျကာ နိုင်ငံတကာတွင် ဒေါ်လာတန်ဖိုး ပြန်တက်လာသည်။ ကမ္ဘာ့ရွှေဈေးသည် မတ်လ ၇ ရက်တွင် တစ်အောင်စ လျှင် အမေရိကန် ၁,၂၂၅ ဒေါ်လာခန့် ဈေးရှိပြီး မတ်လ ၉ ရက်၌ တစ် အောင်စလျှင် ၁,၂၀၅ ဒေါ်လာသို့ ကျဆင်း လာသည်။

ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာသော်လည်း အရောင်းအ၀ယ် အေးနေကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက် လာသကဲ့သို့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းကလည်း တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်သို့ မြင့်တက်လာကြသည်။

ပြည်တွင်းရွှေဈေးမှာလည်း မတ်လ ၇ ရက်နှင့် နှိုင်းယှဉ်ပါက တစ်ကျပ်သားလျှင် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ အကြား ဈေးကျလာသည်။ မတ်လ ၇ ရက်က တစ်ကျပ်သားလျှင် ၈၉၁,၀၀၀ ကျပ်ရှိသော ပြည်တွင်း ရွှေဈေးသည် မတ်လ ၉ ရက်တွင် ၈၈၀,၇၀၀ ကျပ်သို့  ကျဆင်းလာသည်။

# 7 Day Daily