၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၆၅ သန်းခန့် ဖြစ်လာမည်ဟု အစိုးရ၏ လူဦးရေ ခန့်မှန်းခြင်း သုတေသန စာတမ်း၌ ဖော်ပြထား

၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၆၅ သန်းခန့်ဖြစ်လာမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ပြည်သူ့အင်အားဦးစီးဌာနက  မတ် ၂၄ ရက်တွင်  ထုတ်ပြန် သည့် လူဦးရေခန့်မှန်းခြင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါစာတမ်းကို ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံလျက်ပြုစုထားခြင်းဖြစ်ပြီး  စာတမ်းတွင် ပြည်ထောင်စု၊ မြို့ပြနှင့်ကျေးလက်အဆင့် လူဦးရေကို ၂၀၁၅ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အထိလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကို ၂၀၁၅ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ လည်းကောင်း ခန့်မှန်းတွက်ချက်ထားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လူဦးရေကို လူဦးရေတိုးနှုန်း အနိမ့်၊ အလယ်အလတ်နှင့် အမြင့်စသည့် အဆင့်(၃)ဆင့်ဖြင့် ခန့်မှန်းတွက်ချက်ထားကြောင်းနှင့် အလယ်အလတ်အဆင့် ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ လူဦးရေ သည် ၂၀၅၀ ပြည့်နှစ်တွင် (၆၅ ဒသမ ၀) သန်းခန့် ရှိလာမည်ဖြစ်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြ ထားသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်ညတွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ လူဦးရေစုစုပေါင်းမှာ ၅၁ ဒသမ ၄ သန်းကျော်ရှိပြီး ကျား ဦးရေမှာ ၂၄ ဒသမ ၈ သန်းဖြစ်ကာ မ ဦးရေမှာ ၂၆ ဒသမ ၆ သန်းဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက သတင်းထုတ်ပြန်ထားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၂၀၁၅ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွက် လူဦးရေကို လူဦးရေတိုးနှုန်း အလယ်အလတ်အဆင့်ဖြင့် ခန့်မှန်းတွက်ချက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၃၁ ခုနှစ်၌ လူဦးရေ ၁၀ ဒသမ ၅ သန်းခန့် ရှိလာမည်ဖြစ်ကြောင်း  သုတေသနစာတမ်းတွင်  ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရမူ ရန်ကုန်တိုင်းအတွင်း လူဦးရေ ၇ ဒသမ  ၃ သန်းကျော် နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏  ၁၄ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။

ခန့်မှန်းတွက်ချက်မှုအရ ၂၀၅၀ ပြည့်နှစ်တွင် ကယားပြည်နယ်၌ ၃၇ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်၌ ၃၂ ရာခိုင်နှုန်းနှင့် နေပြည်တော်တွင် ၂၇ ရာခိုင်နှုန်းအသီးသီး လူဦးရေ တိုးပွားလာနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့သည် လူဦးရေတိုးပွားမှု အနည်းဆုံးဒေသများ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။  ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင် လူဦးရေတိုးပွားမှု ပုံမှန်သာရှိမည်ဖြစ်ကြောင်း ခန့်မှန်းရရှိသည်ဟုလည်း အဆိုပါ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

လူဦးရေခန့်မှန်းခြင်း သုတေသနစာတမ်းကို လေ့လာခြင်းဖြင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လူဦးရေအရွယ်အစား၊ ဖွဲ့စည်းပုံနှင့် ကျား/မ အချိုးစသည်တို့ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အဆင့် မူဝါဒများ ချမှတ်ခြင်း၊ သယံဇာတနှင့် အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားဝန်ဆာင်မှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာများကို အတွဲလိုက် ထုတ်ပြန်ကြေညာခဲ့ရာ ပထမအဆင့်အနေဖြင့် ရှေ့ပြေးလူဦးရေ စာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင် လည်းကောင်း၊ အလုပ်အကိုင်နှင့် လုပ်ငန်းအစီရင်ခံစာကို ၂၀၁၆ ခုနှစ် မတ်လတွင် လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာ အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လည်းကောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။

လက်ရှိတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံ၍ အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း ၁၃ စောင်နှင့် သန်းခေါင်စာရင်းရလဒ် မြေပုံများကို ဆက်လက်ပြုစုလျက်ရှိပြီး အသေးစိတ် သုတေသန စာတမ်းအချို့ကိုလည်း  ဆက်လက်ထုတ်ပြန်သွားရန်ရှိကြောင်း သတင်းရရှိသည်။

# Eleven