ထရမ့်လက်ထက် ပထမဆုံးအကြိမ်အဖြစ် လစ်ဗျားရှိ အိုင်အက်စ်များကို အမေရိကန် လေကြောင်းမှတိုက်ခိုက်

သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်က လစ်ဗျားရှိ အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဖရိက မြောက်ပိုင်းရှိ စစ်သွေးကြွ ပစ်မှတ်များကို အမေရိကန်စစ်ဘက်က လက်တွေ့ပါဝင် တိုက်ခိုက်ခြင်းသည် ထရမ့် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ရုရှားအစိုးရနှင့် မဟာမိတ် တပ်ဖွဲ့များ၏ ကူညီ ထောက်လှမ်းမှုဖြင့် အမေရိကန်သည် အိုင်အက်စ် အိုင်အက်စ်တို့၏ သဲကန္တာရ စစ်စခန်းများကို လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်သည် အိုင်အက်စ်ကို အမည်ဟောင်းအတိုင်း အိုင်အက်စ်အိုင်အက်စ်ဟုသာ သုံးနှုန်းခေါ်ဝေါ်လေ့ ရှိသည်။

“သဲကန္တာရထဲက စခန်းတွေကို အသုံးချပြီး အိုင်အက်စ်အိုင်အက်စ် စစ်သွေးကြွတွေက လစ်ဗျားကို အဝင်အထွက် လုပ်နေတာပါ။ လက်နက်နဲ့ စစ်ပစ္စည်းတွေ အများအပြားကိုလည်း သိုမှီးထားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတာပါ”ဟု အမေရိကန်၏ အာဖရိက အခြေစိုက် စစ်ဌာနချုပ်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

လစ်ဗျားတွင် လေကြောင်းတိုက်ခိုက်မှုများကို မောင်းသူမဲ့ လေယာဉ်ဖြင့် ပြုလုပ်ခဲ့ပြီး ထရမ့်ကိုယ်တိုင်က စစ်ဆင်ရေးကို အတည်ပြုချက် ပေးခဲ့ကြောင်း သိရသည်။

ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေမလှမှုကြောင့် အိုင်အက်စ်တို့သည် လစ်ဗျားဘက်သို့ စိမ့်ဝင်ကာ ခြေကုပ်ယူရန် ကြိုးစားခဲ့သော်လည်း အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမား လက်ထက်က ငါးလမျှ ဆက်တိုက် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကြောင့် လစ်ဗျားရှိ အိုင်အက်စ် တပ်ဖွဲ့ဝင်ဦးရေ သိသာစွာ ကျဆင်းသွားခဲ့သည်။

Ref: CNN