အာဆီယံယူ-၁၈ ပြိုင်ပွဲ မြန်မာပွဲစဉ်များ ရုပ်သံမှ တိုက်ရိုက်ပြသမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ အမျိုးသားပြိုင်ပွဲကို ပြည်တွင်း အခမဲ့ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

ထိုင်း ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၈ အသင်း (ဓာတ်ပုံ − MFF)

အာဆီယံယူ-၁၈ ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းတို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် ပွဲစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသရန် သဘောတူညီမှု ရရှိထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘မြန်မာအသင်း ကစားမယ့် ပွဲစဉ်တွေကို မြန်မာ့အသံနှင့်ရုပ် မြင်သံကြားက တိုက်ရိုက်ပြသွားမယ်။ ရုပ်သံက ပြမယ်ဆိုပေမယ့်လည်း ပရိသတ် တွေကို ကွင်းထဲ အထိ လာရောက်အားပေးဖို့အ တွက် တိုက်တွန်းလိုပါတယ်’’ဟု တာဝန်ရှိသူကပြောသည်။

အာဆီယံယူ-၁၈ ပြိုင်ပွဲတွင် မြန်မာယူ-၁၈ အသင်းက အုပ်စု (ခ)တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု(က)တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တီမော၊ လာအိုနှင့် ကမ္ဘောဒီးယားအသင်း တို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှား၊ စက်တင်ဘာ ၉ ရက်တွင် ဘရူနိုင်း၊ စက်တင်ဘာ ၁၁ ရက် တွင် ဖိလစ်ပိုင်နှင့် စက်တင်ဘာ ၁၃ ရက်တွင် ဗီ ယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာအသင်းယှဉ်ပြိုင်မည့် ပွဲစဉ်အားလုံးကို ညနေ ၆ နာရီ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာယူ-၁၈ အသင်းသည် ယင်းပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ဥရောပကလပ်အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ၊ ရှမ်းယူနိုက်တက်နှင့် ထိုင်းယူ- ၁၈ လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲတစ်ပွဲစီ အပါအဝင် စုစုပေါင်း ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ် ရရှိထားသည်။