လုပ်ပွဲလို့ ပြောနေတဲ့သူတွေ ကျွန်တော်နဲ့ ထိုးလို့ရတယ် (အောင်လအန်ဆန်)

နိုဝင်ဘာလ ၃ ရက်နေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အလိန်းအန်ဂါလာနီနဲ့ပွဲမှာ လုပ်ပွဲလို့ ပြောတဲ့သူတွေအနေနဲ့ ၎င်းနဲ့ စိန်ခေါ်ထိုးသတ်နိုင်တယ်လို့ အောင်လအန်ဆန်က ထုတ်ဖော်ပြောလိုက်ပြီဖြစ်ပါတယ်။

‘‘တကယ်သာ လုပ်ပွဲဆိုရင် ဒီပွဲကို ကျွန်တော်မထိုးပါဘူး။ ကျွန်တော့်မှာ စားစရာ၊ နေစရာ အိမ်ရှိရင် ပြည့်စုံပြီ။ ပိုက်ဆံအများကြီး ချမ်းသာချင်တဲ့စိတ် ကျွန်တော့်မှာမရှိဘူး။ ကျွန်တော်ရတဲ့ ပိုက်ဆံတွေကို မရှိဆင်းရဲတဲ့လူ၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီမယ်။ ဒီပွဲကို လုပ်ပွဲဆိုပြီးပြောတဲ့သူ ကျွန်တော်နဲ့ထိုးလို့ရပါတယ်။ အားပေးတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအားလုံးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်’’ ဟု အောင်လအန်ဆန်က ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ဖော်ပြောကြားမှုကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့ က YJH  ကချင်ဘုရားကျောင်းမှာ ပရိသတ် များနဲ့ တွေ့ဆုံခဲ့ပြီး ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်နဲ့ အလိန်းအန်ဂါလာနီတို့ရဲ့ ပွဲမှာ လုပ်ပွဲမဟုတ်ကြောင်းကို ပွဲစီစဉ်သူ ဦးဇေသီဟ ကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သလို အလိန်းအန်ဂါလာနီရဲ့ အမှားကြောင့်သာ အခုလို ပွဲမြန်မြန် ပြီးခဲ့ရခြင်း ဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါပွဲမှာ ပထမအချီ ၄ မိနစ်မှာပင် အောင်လအန်ဆန်အနိုင်ရခဲ့တာကြောင့် ပရိသတ်များ အကြား လုပ်ပွဲလို့ ပြောလာသူတွေရှိလာပါတယ်။အဆိုပါ လုပ်ပွဲလို့ ပြောသူတွေအနေနဲ့ မိမိနဲ့ စိန်ခေါ်ထိုး နိုင်တယ်လို့ အောင်လအန်ဆန်က ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် ရုရှားနိုင်ငံသားကို စိန်ခေါ်ထိုးသတ်ရယူ ထားသူ ဖြစ်ပြီး အလိန်းအန်ဂါလာနီနဲ့ပွဲမှာ ၀ိတ်တန်းမတူညီပဲ ပထမဆုံး စိန်ခေါ်ထိုးသတ်ခဲ့တဲ့ မှတ်တမ်းဝင် ပြိုင်ပွဲ တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

  (7days)