FIFA 20 ရဲ့ မျက်နှာဖုံးမှာ ထည့်သွင်းဖော်ပြခံရတော့မယ့် ဆွန်ဟောင်မင်

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ FIFA 20 ရဲ့ မျက်နှာဖုံးမှာ ထည့်သွင်းဖော်ပြခံရဖို့အတွက် ပရိသတ်တွေဆီက ဆန္ဒမဲကောက်ခံမှုမှာ ရော်နယ်ဒိုနဲ့မက်ဆီတို့ကို ကျော်ဖြတ်ပြီးတော့ မဲအများဆုံးရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ကိုရီးယား ကစားသမားဟာ ဒီရာသီမှာ စပါးအတွက် ခြေစွမ်းပြကစားပေးနေသူလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို၊ မက်ဆီ၊ နေမာ နဲ့ ဆာလာတို့အပါအ၀င် အခြားထိပ်တန်း ကစားသမားတွေကို ကျော်ဖြတ်ကာ ဆွန်ဟောင်မင်က အသာစီးရရှိယူနိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာနဲ့တ၀ှမ်း လူကြိုက်များပြီး ဆော့ကစားနေတဲ့ နာမည်ကျော် FIFA ဂိမ်းမှာ မျက်နှာဖုံးကနေ ပါဝင်လာမယ့် ပထမဆုံး အာရှကစားသမားအဖြစ်လည်း ဆွန်ဟောင်မင်က မှတ်တမ်းဝင်လာတော့မှာ ဖြစ်ပါတယ်။ မဲပေးသူ စုစုပေါင်း (၂၁၃၁၄၉) အထိ ဆွန်ဟောင်မင်က ရရှိခဲ့ပြီး ထိပ်ဆုံးငါးဦးမှာ ရော်နယ်ဒို၊ မက်ဆီ၊ နေမာ နဲ့ ဆာလာတို့က အစဉ်လိုက် ရပ်တည်နေခဲ့ပါတယ်။ ဒီရာသီမှာ ဆွန်ဟောင်မင်က စပါးအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀)အထိ သွင်းယူ ပေးထားခဲ့ပြီး စပါးအသင်းကိုလည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့အတူ အာရှအားကစားပြိုင်ပွဲရဲ့ ဘောလုံးရွှေတံဆိပ်ဆုကိုလည်း ဆွန်ဟောင်မင်က ဆွတ်ခူးခဲ့ ပြီးနောက် စစ်မှုထမ်းခွင့်ကနေလည်း ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွန်ဟောင်မင်က မန်စီးတီးကို နှစ်ကျော့စလုံးမှာ (၃)ဂိုး အထိသွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

-Ref:Skysports