စီးပွားရေးလုပ်ငန်းသုံး ဖုန်းခေါ်ဆိုသူအတွက် အခမဲ့ဝန်ဆောင်မှုတစ်ခု ပြုလုပ်လိုက်တဲ့ MPT

စီးပွားရေးလုပ်ငန်းသုံး ဖုန်းခေါ်ဆိုသူအတွက် အခမဲ့ဝန်ဆောင်မှုကို MPT က ဆောင်ရွက်လိုက်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူတွေအနေနဲ့ မိမိတို့သိလိုတဲ့ အရောင်းတွေ၊ ဝန်ဆောင်မှုတွေ၊ သတင်းအချက် အလက် တွေနဲ့ ပတ်သက်ပြီး ယင်းတို့ ဆက်သွယ်လိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ MPT ဝန်ဆောင်မှု ရယူထားခဲ့ရင် ဖုန်းခေါ်ခကျသင့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၀၈၀၀ ၈၀၀ နဲ့စတဲ့ ဖုန်းခေါ်ဆိုသူတွေအတွက် အခမဲ့ ဖုန်းနံပါတ်တွေကို အော်တိုတယ်လီဖုန်း လိုင်းကနေတစ်ဆင့် လက်ခံနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ MPT ရဲ့မိုဘိုင်းဖုန်း အသုံးပြုသူတွေနဲ့ အော်တိုတယ်လီဖုန်း အသုံးပြုသူတွေဟာ ဖုန်းခေါ်ဆိုခပေး စရာမလိုဘဲ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ Toll Free နံပါတ်တွေကိုခေါ်ဆိုသူအနေနဲ့ ကျသင့်မှာမဟုတ်ပေမယ့် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းတွေ ထံကနေ လစဉ်လတိုင်း ကောက်ခံသွားမယ်လို့ သိရပါတယ်။ “MPT ရဲ့ ဖုန်းခေါ်ဆိုမှုအခမဲ့ ဝန်ဆောင်မှု ကို ရယူထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကော်ပိုရိတ်လုပ်ငန်းရှင်တွေ အနေနဲ့ မိမိတိုရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူလိုသူ၊ စုံစမ်းလိုသူတွေက ဆက်သွယ်လာတဲ့အခါမှာ ဆက်သွယ်သူတွေအတွက် ဖုန်းခေါ်ဆိုခကုန်ကျမှာကို စိုးရိမ်စရာမရှိကြောင်း ပြောဆိုနိုင်မှာဖြစ်ပါတယ်။ အရောင်းမြှင့်တင်ရေးနဲ့ ကုန်ပစ္စည်း မိတ်ဆက်တဲ့ နေရာတွေမှာ Toll Free ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာပါ ” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer Mr. Reizo Umeda ကဆိုပါတယ်။ အဲဒီ MPT Toll Free ဝန်ဆောင်မှုရယူဖို့ b2b@mptjo.com.mm ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

– ထွန်းထွန်း